#Local_News
Published_ 5 December 2022

 

(၂၁)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို ဒီဇင်ဘာလ(၈၊ ၉)ရက်တွင် နေပြည် တော်MICC2၌ကျင်းပသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ သိရသည်၊၊

 

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်၊၊

 

"(၂၁)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံက ဒီဇင်ဘာလ(၈)ရက်နေ့မှာကျင်းပမှာပါ၊၊ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကတော့ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်၊၊ ညီလာခံမှာရည်ရွယ်ချက်တွေ၊ အဆိုပြုချက်တွေရှိပါတယ်၊၊ ဒီနှစ်မှာတော့ ရိုးရာတိုင်းရင်းဆေးပညာတွေဖော်ထုတ်တဲ့အနေနဲ့စာတမ်းတွေဖတ်ကြားသွားဖို့ရှိပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်၊၊

 

ဒီဇင်ဘာလ(၈)ရက်တွင် ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် အဆိုပြုချက်များတင်သွင်းပြီးထောက်ခံဆွေးနွေးချက်များ ဆောင်ရွက်သွားကြမည်ဖြစ်သည်၊၊

 

အဆိုပြုချက်များအနေဖြင့် (၁)မြန်မာ့တိုင်းရင်းဆေးပညာကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေ အနှစ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်၊(၂)တိုင်းရင်းဆေးသမားတော်များစောင့်ထိန်းအပ်သည့် ကတိသစ္စာနှင့်ကျင့်ဝတ်သိက္ခာများထိန်းသိမ်းဆောင်ရွက်ရန်၊(၃)ခေတ်မီ၍ အရည်အချင်းပြည့်သောမျိုးဆက်သစ်များမွေးထုတ်ရန်၊(၄)အရည်အသွေးပြည့်ဝအစွမ်းထက်သော တိုင်းရင်းဆေးများပေါ်ထွက်လာရေးအတွက် သုတေသနလုပ်ငန်းစဉ်များစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊(၅) ရိုးရာတိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့်ဆေးဝါး များကိုလက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျပြန်လည်ဖော်ထုတ်ရန်တို့ကိုအဆိုပြုတင်ပြဆွေးနွေး ထောက်ခံကြမည်ဟု နိုင်ငံပိုင်သတင်းစာ၏ရေးသား ဖော်ပြချက်အရသိရသည်၊၊

 

ဒီဇင်ဘာလ(၉)ရက်တွင်ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် ရိုးရာတိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့်ဆေးဝါးများကိုလက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျပြန်လည်ဖော်ထုတ်ရန်အဆိုနှင့် နှီးနွယ်သော ရိုးရာတိုင်းရင်းဆေးကုထုံးနှင့်ဆေးဝါးစာတမ်းများကို ဖိတ်ခေါ်ပြီးစာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ထို့အပြင် ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပသည့်ရက်များတွင် ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနမှပြခန်း ငယ်များကို စိတ်ဝင်စားဖွယ်ပြသထားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးက ဒေသထွက် တိုင်းရင်းဆေးအရင်းအမြစ်များဖြစ်သော အပင်များ၊ ရေထွက်၊ တိရစ္ဆာန်ထွက်၊ တွင်းထွက်ပစ္စည်းများကို ခင်းကျင်းပြသထားမည်ဖြစ်သည်၊၊

 

#ymg/tthl
#Yangon_Media_Group