#Local_News
Published_ 19 November 2022

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ဆရာတော်၊ သံဃာတော်စုစုပေါင်း(၂၁၉)ပါး ဝင်ရောက်
ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်၊၊

 

(၁၀၄)ကြိမ်‌မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ ပရိယတ္တိစာလျှောက်မေးပွဲကို နိုဝင်ဘာ(၁၉)ရက်မှ(၂၅)ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီးခြားစာချတန်း (၃၀) ပါး၊ သီးခြားစာသင်တန်း (၁၈၉) ပါး၊ စုစုပေါင်း (၂၁၉ )ပါးတို့ ‌ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်သည်၊၊

 

(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကိုနိုဝင် ဘာလ(၁၉)ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြသည်၊၊

 

ဖွင့်ပွဲအခမ်းအနားကို နေ့လယ် ၁၂၀၀ နာရီအချိန်တွင် ရင်ပြင်တော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက စာလျှောက်မေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့သည်။

 

ဆက်လက်၍ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူခဲ့သည်။

 

ဆက်လက်၍ စေတိယင်္ဂဏစာလျှောက်မေးပွဲတွင် စာထောက်စာမ ဆောင်ရွက်ကြမည့် ဆရာတော်များအား အာဂုံကြီးကြပ်ပလ္လင်သို့ပင့်ဆောင်ပြီးနောက် သီးခြားစာသင်တန်းဖြေဆိုမည့် သံဃာတော်များက အလှည့်ကျအာဂုံပြန်ဆိုတော်မူခဲ့ကြကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group