#Local_News
Published _ 15 November 2022

 

ရဟတ်ယာဉ်အမှုများနှင့် ပတ်သက်၍ ဦးဝင်းမြင့်ကို ယနေ့နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။

 

"ဒီနေ့က ဦးဝင်းမြင့်ကိုပဲ စစ်သေးတယ်၊ အမှု အမှတ် ၄၆ ကို စပြီးတော့ စစ်တာပေါ့။ ၅မှုလုံးကို စစ်ရမှာလေ၊ အစဉ်လိုက်စစ်ရမှာဖြစ်လို့ ဦးဝင်းမြင့်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်မှာပါ"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

 

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၈ ရက်က နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် အစစ်ဆေးခံရန် အလှည့်ရောက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။

 

ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှု များမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group