#Local_News
Published _ 14 November 2022

 

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက အမျိုးသား ၆ ဦးပြုတ်ကျ၍ ၃ ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်း ကြိုးပြုတ်ထွက်ခဲ့၍ အမျိုးသား ၆ ဦးမှ ပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းခဲ့ကြသည်။

 

ကန်အတွင်းဆင်းစဉ် အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ပြုတ်ကျသွားခဲ့ကြသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်း၊ ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်း၊ မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ထို့ကြောင့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦးကိုမူ သေဆုံးလျက်ပြန်လည်သယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။

 

သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group