#Local_News
Published_ 8 November 2022

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုသင်တန်းများ၊ အဏုမြူရောင်ခြည်ဖြင့်ရောဂါရှာဖွေကုသရေး သင်တန်းများ၊ ကလေးခွဲစိတ်ကုသမှုသင်တန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဆေးပညာရှင်များစေလွှတ်သင်ကြားနိုင်ရေးကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရုရှားတက္ကသိုလ်ဖြစ်သည့် Far Eastern Federal University နှင့် ခွဲစိတ်ကုသမှု လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သင်တန်းပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့မှ(၁၀)ရက်နေ့ထိပြုလုပ်မည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများဆွေးနွေးပွဲ၌ယင်းအချက်များထည့်သွင်း ဆွေးနွေးသွားမည်ဟု ဆိုသည်၊၊

 

ယင်းဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း ဦးဆောင် သောကိုယ်စားလှယ်(၅)ဦးပါ အဖွဲ့တက်ရောက်ရန် သွားရောက်နေပြီဖြစ်သည်၊၊

 

အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗောစတော့ခ်မြို့ရှိ Far Eastern Federal University တို့ အကြား ဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာခွဲစိတ်ကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လေ့ကျင့်သင်တန်းပေးခြင်းများအတွက် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုသင်တန်းများ၊ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေး သင်တန်းများ၊ ကလေးခွဲစိတ်ကုသမှုသင်တန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဆေးပညာရှင်များ စေလွှတ်သင်ကြားနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာရပ်သင်ကြား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များစသည်တို့အား ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ ခွဲစိတ် ကုသမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး နှစ်နိုင်ငံဆေးဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/tthl
#Yangon_Media_Group