#Local_News
Published _ 19 october 2022

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းတွင် လူ ၃ဦးမှ ဆိုင်ကယ်ဌားစီး၍ ဆိုင်ကယ်မောင်းနှင်သူအား လုယက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ မနက် ၇ နာရီကျော်ခန့်က အမည်၊ အသက်၊ နေရပ်လိပ်စာ (စစ်ဆေးဆဲ)အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးအားငှားရမ်း၍ အခင်းဖြစ်နေရာ အရောက်တွင် ဆိုင်ကယ်မောင်းသူ ၂ ဦးအား ဓားဖြင့်ထောက်၍ ဆိုင်ကယ်များအားလုယက်ခဲ့ကြသည်။ လုယက်စဉ် ဆိုင်ကယ်မောင်းနှင်သူ ၁ ဦးမှ အော်ဟစ်ခဲ့သဖြင့် ၎င်းဖြစ်စဉ်အားမြင်တွေ့သူ ၁ ဦးမှ ဆိုင်ကယ်ရှေ့ကပိတ်၍ တားဆီးရာ လုယက်သူ ၁ ဦးက ဓားဖြင့် တိုက်ခိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

 

"တစ်ယောက်ကတော့ ထွက်ပြေးသွားတယ် ကျန်တဲ့ ၂ ယောက်ကိုတော့အနီးနားကလူတွေဝိုင်းဖမ်းလို့ မိသွားပါတယ် သူတို့က (၃) ယောက်လာတာပါ၊ ကူညီပေးတဲ့သူလည်း ဒဏ်ရာရသွားတယ်။ ပြီးတော့လုတဲ့သူ နှစ်ယောက်လည်း ထိုးကြိတ်ဒဏ်ရာတွေရထားတယ်"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက YMG ကို အခုလိုပြောပြသည်။

 

လုယက်သူ ၂ ဦးနှင့် လုယက်သူများအား တားဆီးပေးသူ ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းနှင့်ချိတ်ဆက်ကာ အင်းစိန်မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေးအဖွဲ့တို့က အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။

 

#ymg/NN
#Yangon_Media_Group