#Local_News
Published_11 October 2022

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်သို့ စက်သုံးဆီပို့ဆောင်သူများအားအမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

စက်သုံးဆီ ပြတ်လပ်မည်ဖြစ်သောကြောင့် မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီအရောင်းဆိုင်သို့ ယခင်ရက်သတ္တပတ်အတွင်းက အရေးပေါ်စက်သုံးဆီပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါ စက်သုံးဆီတင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီရောက်ရှိနိုင်ခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သို့သော်လည်း ယင်း အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စု ဖမ်းဆီးခေါ်ဆောင်ခံရသူများနှင့်ပတ်သက်၍ အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေ။

 

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းကိုလည်းကောင်း ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုး ဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

 

#ymg/mt
#Yangon_Media_Group