#Local_News
Published_11 October 2022

 

ဂျပန်နိုင်ငံတွင် ကမ္ဘာ့နိုင်ငံများမှ သွေးတိုးရောဂါဆေးပညာအဖွဲ့အစည်းများနှင့်အတူ မြန်မာသွေးတိုးရောဂါဆေးပညာအဖွဲ့တို့ဆွေးနွေးကြမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းသို့ဆွေးနွေးနိုင်ရန် ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် မနက်ဖြန် အောက်တိုဘာလ ၁၂ ရက်မှ ၁၆ ရက်ထိကျင်းပမည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာ သွေးတိုးရောဂါဆေးပညာအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာရဲမြင့် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အထွေထွေအတွင်းရေးမှူး)၊ ပါမောက္ခဒေါက်တာမင်းဇော်ဦး (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ တွဲဖက်အတွင်းရေးမှူး)နှင့် ပါမောက္ခ ဒေါက်တာ ရှင်နှောင်းလွင် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အဖွဲ့ဝင်)တို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ကြမည့် ကမ္ဘာ့နိုင်ငံများမှ သွေးတိုးရောဂါဆေးပညာအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များနှင့်အတူ သွေးတိုးရောဂါကာကွယ်ကုသရေးလုပ်ငန်းများ၊ ပြောင်းလဲလာသည့် သွေးတိုးရောဂါဆိုင်ရာ ဆေးကုသမှုနည်းစနစ်များ၊ ဆေးဝါးများ၊ သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group