#Local_News
Published_ 8 October 2022


မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် အစိုးရနှင့်ပုဂ္ဂလိကတို့ပူးပေါင်းပြီး မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်သွားရမည့် သုံးသပ်ချက်များကိုဖော်ထုတ်ရရှိခဲ့ကြောင်း သိရပါတယ်။

 

ညီလာခံကျင်းပတဲ့ ၂ ရက်အတွင်း ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ဒေသနှင့် ကိုက်ညီပြီး စျေးကွက်ကြိုက်နှစ်သက်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးသွားရေး၊ တောင်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဓာတ်မြေသြဇာများ ဝယ်ယူရရှိနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဆန်များ တင်ပို့နိုင်ရေးအတွက် ဆန်စက် များ အဆင့်မြှင့်တင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့ပြင် ပြောင်းလဲနေသော ပို့ကုန်စျေးကွက်နှင့်ကိုက်ညီသည့် အမျိုးသားပို့ကုန် မဟာဗျူဟာကို ပြန်လည်သုံးသပ် အကောင်အထည်ဖော်သွားရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်ပသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ခြင်းကို အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် အချက်များပါဝင်ပါတယ်။

 

ဆန်စပါးညီလာခံ၏ ဆွေးနွေးပွဲများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးစိုက်ပျိုးရေးနှင့် မျိုးစေ့ထုတ်လုပ်မှုနှင့် ပတ်သက်သည့်စာတမ်းများ၊ ဆန်စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင် ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းများကို ဖတ်ကြားခဲ့ကြပါတယ်။

 

စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လက်တွေ့စပါးစိုက်ပျိုးနေသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက်နေမှု၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆန်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမှ ပံ့ပိုးကူညီပေးစေလိုသည့် အချက်များကို ဆွေးနွေးခဲ့ကြပါတယ်။

 

အောက်တိုဘာ (၆) ရက်မှ (၇) ရက်အထိ ၂ ရက်ကြာကျင်းပခဲ့သည့် မြန်မာ့ဆန်စပါး ညီလာခံ - ၂၀၂၂ သို သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တောင်သူ လယ်သမားကိုယ်စားလှယ်များ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group