#Local_News
Published_29 September 2022

 

ယခုဘဏ္ဍာနှစ်အတွင်း သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

ကုန်သွယ်မှုစာရင်းအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းရရှိထားပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၁ သန်းရရှိထားပြီးဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် တန်ဖိုးထက် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၂ သန်းကျော်၊ ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆ သန်းလျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သည့်စာရင်းများအရ သိရသည်။

 

ပြည်ပတင်ပို့သည့် သတ္တုတွင်းထွက်ပစ္စည်းတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုအမျိုးမျိုးကို တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပြည်ပသို့တင်ပို့နေသည့် ပို့ကုန်များတွင် ရေထွက်ပစ္စည်းတင်ပို့မှုနှင့် အခြားကဏ္ဍတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက်လျော့နည်းခဲ့ပြီး လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုတို့မှာ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group