#Local_News
Published _ 19 September 2022

ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲအောက်သို့ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

မြန်မာ့အကယ်ဒမီ အခေါက်ရွှေစျေးနှုန်းများမှာ နေ့စဉ်စျေးနှုန်းကျဆင်းမှုများရှိနေပြီး ယနေ့ ပြင်ပရွှေစျေးကွက်၏ အဖွင့်စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈သိန်းခွဲ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိနေကြောင်း YGEA ရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG သို့ ပြောကြားခဲ့သည်။

 

"လက်ရှိပေါက်စျေးကတော့ ၂၈သိန်းခွဲနဲ့ ရောင်းဝယ်တာတွေပြုလုပ်နေပါတယ်။ ထပ်ကျဖိုလည်းရှိပါတယ်။ ဘာလိုလဲဆိုတော့ အခုစျေးကွက်ထဲမှာ ဝယ်လိုအားမရှိတော့တာရယ်၊ ဒေါ်လာစျေးတွေ ဆက်တိုက်ကျဆင်းနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ ကမ်ဘာ့ရွှေစျေးကလဲ ကျဆင်းနေတာမို ရှေ့လျှောက် ရွှေစျေးကတော့ ဆက်ကျနေမယ့်အနေအထားမှာရှိနေပါတယ်" ဟု သူကဆိုသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေဒင်္ဂါးများကို တစ်ကျပ်သားလျှင် ၂,၉၅၀,၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ရောင်းချပေးခဲ့ကာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃,၅၅၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်မှုလည်း ရှိခဲ့သည်။

 

#ymg/NN
#Yangon_Media_Group