#Local_News
Published_ 2 Sept 2022

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ငွေကျပ် ၂၆၀၃.၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

 

သြဂုတ်လ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ကောင်းမှုတော်ဘုရားအနီး ကားလမ်းတွင် မောင်ဒွေးမောင်းနှင်ပြီး စက်မောင်လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်နှင့် ငြိမ်းချမ်းဦး မောင်းနှင်ပြီး ကြည်လှိုင်နှင့် ဇော်လင်းနိုင်တို့ လိုက်ပါလာသည့် NISSAN UD အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ငြိမ်းချမ်းဦး မောင်းနှင်သည့် NISSAN UD ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆူဒိုအက်ဖီဒရင်း ၁၃၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၀၀) ၊ ပီပါများအတွင်းမှ အီသိုင်းအီသာ ၃၆၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မောင်ဒွေး (၂၉) နှစ်၊ စက်မောင်(၄၈)နှစ်၊ ငြိမ်းချမ်းဦး(၃၂)နှစ်၊ ကြည်လှိုင်(၅၂)နှစ်နှင့် ဇော်လင်းနိုင်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group