#Local_News
Published _ 27 August 2022

 

ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်မှုကြောင့် အဝေးပြေးကားတချို့ပြေးဆွဲမှုရပ်ထားရပြီး ယာဉ်လုပ်သားတွေ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။

 

စက်သုံးဆီဈေးနူန်းဟာ ယခုလဆန်းပိုင်းမှစ၍ တရှိန်ထိုးမြင့်တက်လာသောကြောင့် အဝေးပြေးကားများ ယခင်ကထက်အစီးရေ လျှော့ချ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း သိရသည်။

 

"အခုနောက်ပိုင်း ရပ်ထားရတဲ့ ရက်တွေများတယ်။ ခေါက်ရေစားနဲ့ လုပ်နေရတာဆိုတော့ မထွက်ဘဲရပ်ထားရရင် ဒရိုင်ဘာရော၊ စပယ်ယာပါ ဝင်ငွေမရှိတော့ဘူး"လို့ အဝေးပြေးယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

လက်ရှိဆီဈေးနှင့် ကားပြေးဆွဲလျင် ရရှိငွေ မမျှသောကြောင့် ကားများကို ခေါက်ရေခြားပြီး ပြေးဆွဲနေရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ဆိုထားသည်။

 

"ခရီးသည်ရတဲ့အပေါ်မူတည်ပြီး တစ်ရက်ခြား၊ နှစ်ရက်ခြား ထွက်နေရတယ်။ အရင်လို ခေါက်ရေစိပ် မဆွဲနိုင်ဘူး။ စိုက်သုံးနေရတာကြာတော့ ပိုင်ရှင်တွေလည်း မခံနိုင်တော့ဘူး"လို့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။

 

ဒီဇယ်ဆီဈေးဟာ တစ်လီတာကို ၃,၂၀၀ကျပ် အထက်ရောက်ရှိနေပြီး တစ်လအတွင်း ၁,၀၀၀ ကျော်တက်သွားသော်လည်း ပြန်လည်ရရှိငွေအနေဖြင့် တက်လာခြင်းမရှိကြောင်း သိရသည်။

 

အဝေးပြေးကားတစ်စီးကို ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက် အနည်းဆုံးတစ်ဦးနှင့်ပြေးဆွဲနေကြခြင်း ဖြစ်သည်။

 

ယခုရက်များမှာ ရန်ကုန်မြို့မှ တစ်ရက်ကို ကားစီးရေ ၅၀၀ ကျော် ပြေးဆွဲနိုင်ပြီး ယခင်ထက် အစီးရေ ၁၀၀ လောက်လျော့သွားကြောင်း မှတ်တမ်းများအရ သိရသည်။

 

အဝေးပြေးကားပြေးဆွဲသည့် အစီးရေ လျော့သွားသောကြောင့် ယာဉ်လုပ်သား ၃၀၀ထက်မနည်း ဝင်ငွေမရှိသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon _ Media_ Group