#Local_News
Published_10 August 2022

 

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်း “မူလန်” (Mulan) ၏ အရှိန်ကြောင့် သြဂုတ်လ(၁၁)ရက်မှ (၁၄)ရက်အတွင်း မြန်မာနိုင်ငံ၏ဒေသတော်တော်များများတွင်
မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထူးခြားမိုးလေဝသအခြေအနေအဖြစ် သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊

 

တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း “မူလန်”(Mulan)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ သြဂုတ်လ(၁၁)ရက်တွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်၊၊

 

အဆိုပါ လေပွေလှိုင်းများကြောင့် သြဂုတ်လ(၁၁)ရက်မှ(၁၄)ရက်အတွင်းနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊

 

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်၊၊

 

ဒီ့အပြင်သြဂုတ်လ(၁၃)ရက်တွင်လည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခုဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းထားကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group