#Local_News
Published_6 Aungust 2022

 

မလေးရှားနိုင်ငံတွင် တံတားပေါ်မှပြုတ်ကျခဲ့သည့် သားအဖလေးယောက်ဖြစ်စဉ်မှ ဒဏ်ရာရ ၃ နှစ်သားကလေးငယ်အသက်ရှူပုံမှန် ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း မလေးရှား မြန်မာလူမှုကူညီရေးအသင်း ကသိရသည်။

 

"ကလေး Shadrah Vabeichopha ရဲ့ နောက်ဆက်တွဲအခြေအနေကတော့ မနေ့က သြဂုတ်လ ၅ ရက်နေ့မှာ အသက်ရှူပုံမှန် ပြန်ဖြစ်နေပြီ၊ Oxygen ကိုလည်း ဖြုတ်ထားပြီးပြီ။ ကွဲပြီးတော့ ကြေသွားတဲ့ ခြေရိုးကိုလည်း ဆက်လက်ပြီး ခွဲစိတ်ကုသနေပါတယ်။ သူ့မိခင်နဲ့လည်းတွေဆုံခွင့်ပေးထားပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။

 

ဒဏ်ရာရ ကလေးငယ်မှာ Shadrah Vabiechopha အမည်ရှိ ၃ နှစ်အရွယ် ယောင်္ကျားလေးဖြစ်ပြီး လက်ရှိတွင် ဆလာယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နံနက်၅နာရီခွဲခန့်အချိန်က မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား အသက် ၃၈ နှစ်အရွယ်ရှိဖခင်ဖြစ်သူ Cholei က အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose နှင့် ၃ နှစ်အရွယ် သား Shadrah Vabiechopha တို့ကို မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှ အရင်ဆုံးပစ်ချကာ သူ့ကိုယ်သူလည်း ခုန်ချမှု ဖြစ်ပွားခဲ့သည်။

 

ယင်းကြောင့် ဖခင်ဖြစ်သူ Cholei နှင့် အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose တို နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသောကြောင့် သြဂုတ်လ ၄ ရက်က စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင် ဆုတောင်းပွဲကျင်းပကာ မြေသို့ အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

 

photo-Kepongfreefuneralservices
ymg/mt
#Yangon_Media_Group