#Local_News
Published - 28 July 2022

 

လာမယ့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဖရဲ၊ သခွားရာသီရောက်တော့မည်ဖြစ်သည့်အတွက် အဆိုပါအသီးများကို စစ်ကိုင်းတိုင်းတွင် အများဆုံးစိုက်ပျိုးပြီး နယ်မြေမအေးချမ်းမှုကြောင့် ပြည်ပတင်ပို့မှုအခြေအနေနှင့် ပတ်သက်၍ မှန်းဆရန်ခက်နေကြောင်း သစ်သီးဝလံနှင့်ပန်းမန်အသင်းမှ သိရသည်။

 

"အဲဒီဒေသတွေမှာ နယ်မြေမငြိမ်းချမ်းတော့ အများဆုံးစိုက်တာက စစ်ကိုင်းမှာဆိုတော့လေ။ အဲဒီဘက်က အခြေအနေတွေကိုလည်း ကျွန်တော်တို့က မသိရဘူး"ဟုသစ်သီးဝလံနှင့်ပန်းမန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖရဲသီး၊ သခွားမွှေးများကို တရုတ်ဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချခြင်းဖြစ်ပြီး တန်ချိန် ၆ သိန်းကျော်အထိ တင်ပို့ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင်ပြီးခဲ့တဲ့နှစ်များတွင် ကုန်သွယ်ရေးလမ်းကြောင်း အဆင်မပြေမှုများကြောင့် တင်ပို့မှုပမာဏ ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် ကုန်သွယ်မှုအခြေအနေနှင့် နယ်မြေမအေးချမ်းမှုများကြောင့် တင်ပို့မှုပမာဏ ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။

 

ဖရဲ၊ သခွားရာသီချိန်သည် မကြာခင် ပြန်လည်စတင်တော့မည်ဖြစ်သော်လည်း ဖရဲသီး၊ သခွားမွှေးများ အဓိကတင်ပို့နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသည်လည်း ကြိုတင်ခန့်မှန်းလို့မရနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်များမှ ခန့်မှန်းထားသည်။

 

ymg/sth
#Yangon_Media_Group