#Local_News
Published - 7 July 2022

 

မြန်မာအပါအဝင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများကို ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်နိုင်သည့် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ အလုပ်သမားများကို ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးရန် ထိုင်အစိုးရအဖွဲ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။

 

ယင်းအပြင်ယာယီနေထိုင်ခွင်ဖြင့် အလုပ်လုပ်ကိုင်နိုင်သည့် ပန်းရောင်ဘတ်ကတ် ပြုလုပ်ရန် အလုပ်ရှင်မှ အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာနထံ လုပ်သားအမည်စာရင်း (Name list) တင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းရောင်ဘတ်ကတ် ပြုလုပ်လိုသည့် လုပ်သားများအနေဖြင့် လုပ်သားအမည်စာရင်းတင်ခ ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားခ ဘတ် ၉၀၀ ပေးချေရမည်ဖြစ်ပြီး အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိသည်အထိ ငွေချေပြေစာကို အစားထိုး ကိုင်ဆောင်ထားရမည်ဟု သတ်မှတ်ထား ကြောင်း သိရသည်။

 

အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး တစ်နှစ်သက်တမ်း နှစ်ကြိမ်တိုးပိုင်ခွင့် ရှိမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမား လေးသန်းကျော် အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ အလုပ်သမား အများဆုံး လုပ်ကိုင်နေခြင်းဖြစ်သည်။

 

ymg/sth
#Yangon_Media_Group