#Local_News
Published - 5 July 2022

 

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေထုအရည်အသွေး စစ်ဆေးရာ ကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေတွင်ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

နိုင်ငံတဝန်းရှိ လေထုအရည်အသွေးအခြေအနေ လေ့လာဆန်းစစ်နိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ပြီးခဲ့သည့် ဇွန်လက တိုင်းတာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါစစ် ဆေးမှုတွင်အမှုန်အမွှားပါဝင်နှုန်း ၂ မျိုး၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့ကို အဓိကလေ့လာထားခြင်းဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဝန်းကျင်တွင် ကျန်းမာရေးကို ထိခိုက်နိုင်သည့်အဆင့်ရှိ အမှုန်အမွှား PM25 တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးဝန်းကျင်တွင်လည်း ခံနိုင်ရည်နည်းသူများအတွက် ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်ရှိ အမှုန်အမွှား PM25 ရှိနေပြီး မကွေးခရိုင် ရုံးဝန်းကျင်တွင် ခံနိုင်ရည်နည်းသူများအတွက် ကျန်းမာရေးကို ထိခိုက်နိုင်သည့် အိုဇုန်းပါဝင်နှုန်း ရှိနေကြောင်း သိရသည်။

 

ကရင်ပြည်နယ်တွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်နှုန်းမှာ ရှိသင့်သည့် ပမာဏထက် အနည်းငယ်ပိုခြင်းကြောင့် လေထုအရည်အသွေး ကောင်းမွန်သည့် အခြေအနေတွင်မရှိဘဲ သင့်တင့်သည့် အခြေအနေသာ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းတွင် အမှုန်အမွှားပါဝင်နှုန်းမှာ စစ်ဆေးခဲ့သည့် နေရာများအနက်အနည်းဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်စိုက်ပျိုးရေးဦး စီးရုံးအနီးတွင်ဒုတိယ အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် အမှုန်အမွှားကလွဲ၍ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့ လုံးဝမရှိဘူးကြောင် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဇွန်လတွင် မိုးရွာခြင်းကြောင့် လေထုထဲ၌အမှုန်အမွှားများပါခြင်း လျော့နည်းသွားပြီး မေလမတိုင်ခင် နွေရာသီတွင် လေထုအရည်အသွေးမှာ သတ်မှတ် စံချိန်စံညွှန်းများထက် ကျော်လွန်နိုင်ကြောင်း၊ လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် တိုက်ခတ်ရာ လမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသည့်အခြေအနေ၊ ကား ဆိုင်ကယ်များသုံးသည့်အခြေအနေ၊ စက်ရုံများရှိ အခိုးအငွေ့ ထုတ်လွှတ်သည့်အခြေအနေတို့ကို မူတည်၍ လေထုအရည်အသွေးရလဒ်များ ပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group