#LocalNews
Published - 8 June 2022

 

ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကြာ လုပ်ခလစာမရဘဲ ပိတ်လှောင်ခံရပြီး အိမ်ဖော်အဖြစ်အခိုင်းခံခဲ့ရသည့် မသဉ္ဇာဝင်း၏ဇာတိမှာ ထားဝယ်ဖြစ်ပြီး လိပ်စာမမှတ်မိသည့်အတွက် သိရှိသူများဆက်သွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

 

ယင်းအပြင် မသဉ္ဇာဝင်းအတွက် တရားစွဲဆိုနိုင်ရန် ထိုင်းအာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ထားပြီး အလုပ်သမားသံအရာရှိရုံးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအချိန်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မသဉ္ဇာဝင်းအနေဖြင့် ၎င်း၏ မိဘအမည် ဦးရွှေ၊ ဒေါ်မူးဝေနှင့် အမဖြစ်သူ မအေးမွန်၊ ညီမ မချိုဝင်း၊ မသန်းရွှေအေးတို့ကိုသာမှတ်မိပြီး အငယ်ဆုံးညီမအမည်ကို မမှတ်မိဖြစ်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးအနေဖြင့် လက်ရှိတွင် တရားစွဲနိုင်သည့် အချက်အလက်များ စုဆောင်းရရှိပြီးသော်လည်း မသဉ္ဇာဝင်းမှာ အကြားအာရုံအားနည်းနေပြီး ဆေးကုသမှုခံယူနေရသည့်အတွက် တရားစွဲဆိုနိုင်မည့်ရက် စောင့်ဆိုင်းနေရကြောင်း သိရသည်။

 

သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် မသဉ္ဇာဝင်းအား ပိတ်လှောင်ခဲ့သည့် အလုပ်ရှင်နှင့် နေရပ်ကိုဖော်ပြထားခြင်းမရှိသည့်အပြင်အမှုအတွက် အခက်အခဲ၊ အတားအဆီးပေါ်ပေါက်လာနိုင်သည့်အတွက် နေရာ၊ လူပုဂ္ဂိုလ်၊ ဌာန၊အဖွဲ့အစည်းအမည်များကို ကန့်သတ်ဖော်ပြထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ymg/sth
#Yangon_Media_Group