#LocalNews
Published _ 7 June 2022

 

မိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာတွင်နေထိုင်သည့် ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းသည် မင်းဒဿ အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ မ --- (၁၈ နှစ်)အား တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဟောပေါ့ဆိုင်တွင် အလုပ်လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် ၃၅၀၀၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

 

ထို့နောက် တရုတ်အမျိုးသား ဖန်ကွေ့ဆိုသူထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၁၉၁၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တရားခံ ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်ဇွန်လ ၃ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group