#Local_News
Published_ 20 May 2022

 

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၇၆ မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၅၂ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည်ဆောက်နေတာဖြစ်ပါတယ်။

 

နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန်သည် ပျဉ်းမနားမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုမှာ အဓိကကျတဲ့ အတွက် ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရဲ့ သဘာဝအရင်းအမြစ်များရရှိမှုအပေါ် အခြေခံ၍ စီးပွားရေးအရတွက်ခြေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မယ့် စီမံကိန်း အသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

 

သို့မှသာ နိုင်ငံတော်ရဲ့ နှစ်စဉ်တိုးတက် သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group