#LocalNews
Published - 16 May 2022

 

ဧပြီလ(၁)ရက်မှ မေလဒုတိယအပတ်အထိ အချိန်ကာလတစ်လကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်း အတာလေဘေးသင့်ပြည်သူ (၄၀၀၀၀)ကျော်ရှိပြီး ဆန်ရိက္ခာ၊ ငွေကြေးနဲ့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လေဘေးသင့်ပြည်သူ(၄၀၀၀၀)ကျော်ကို ဆန်ရိက္ခာ၊ ငွေကြေးထောက်ပံ့မှုနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်းငါးထောင်နဲ့ ကိုးဆယ့်သုံးသိန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်၊၊

 

"တစ်လကျော်ကာလအတွင်း လေဘေးသင့်ပြည်သူ (၄၀၀၀၀)ကျော်ရှိပါတယ်၊၊ ဧပြီလ(၁)ရက်ကနေ မေလ(၁၃)ရက်အထိစာရင်းတွေအရ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်လုံးဝပြိုကျ ပျက်စီးသွားတာ (၂၁၀၀)ကျော်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတာ (၁၀၀၀၀)ကျော်၊ သေဆုံးသူ(၆)ဦး၊ ဒဏ်ရာရသူ (၁၃)ဦးရှိပါတယ်၊၊ အစ်မတို့ဝန်ကြီးဌာနအနေနဲ့ ဆန်ရိက္ခာ(၇)ရက်စာပေးအပ်ထောက်ပံ့တာ၊ပျက်စီးသွားတဲ့အိမ်တွေရဲ့ နှုန်းထားအတိုင်းသတ်မှတ်ငွေကြေးထောက်ပံ့ပေးတာတွေဆောင်ရွက်ပါတယ်၊၊သေဆုံးသူတစ်ဦးကို ကျပ်သုံးသိန်း၊ ထိခိုက်ဒဏ်ရာရသူတစ်ဦး(ဆေးရုံတက်ကုသရသူ)ကို ကျပ်ငါးသောင်းပေးအပ်ပါတယ်၊၊ အဲဒီလိုကူညီထောက်ပံ့မှုတွေအနေနဲ့ တန်ဖိုးကျပ်သိန်းငါးထောင်ကျော် ထောက်ပံ့ပေးခဲ့ပါတယ်၊၊ ကယ်ဆယ်ရေးပစ္စည်းတွေလည်းပေးအပ်ခဲ့ပါတယ်"လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်၊၊

 

တိုင်းဒေသကြီးပြည်နယ်(၁၅)ခုမှာ (၁၄)ခုမှာ လေပြင်းတိုက်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး မန္တလေး၊ပဲခူး၊ မကွေးနဲ့နေပြည်တော်တို့မှာ လေပြင်းတိုက်ခတ်မှုတွေများပြားခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group