#LocalNews
Published_7 April 2022

 

သိန်းသုံးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် အမ်းစစ်ဆေးရေးဂိတ်တာဝန်ကျဝန်ထမ်းများအား ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများကို ဧပြီလ ၅ ရက်က ရခိုင်ပြည်နယ် အမ်းမြို့အဝင် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ လူ၊ယာဉ် အဝင်၊အထွက်များ စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 

"ဘေထုပ်နဲ့ ရောပြီးတင်လာတာ။ကာလတန်ဖိုး ငွေကျပ် သိန်းသုံးသောင်းကျော်ဖိုး ဖမ်းမိပါတယ်။ကားဒရိုင်ဘာနဲ့ စပယ်ယာကို ဖမ်းထားပါတယ်။အခု ဖမ်းမိတဲ့ WY တွေကို ဖွင့်ကြည့်တဲ့အခါ ထူခြားတာတွေ ရှိတယ်။ဖမ်းဆီးစစ်ဆေးတဲ့ တာဝန်ကျ ဝန်ထမ်းတွေကိုလည်း ဆုချီးမြှင့်ဖို့ လုပ်ထားတယ်လို့ သိရတယ်"ဟု အဆိုပါ ပူးပေါင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

 

၆ ဘီး ကုန်တင်ယာဉ်တစ်စီးကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၇)ရပ်ကွက်နေသူ ယာဉ်မောင်း ဇော်မျိုးသန်း နှင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ယာဉ်နောက်လိုက် သိန်းသန်းမြင့်တို့ ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာစဉ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အဝတ်(ဘေထုပ်) များအတွင်းတွင် ရောနှောသယ်ဆောင်လာသည့် WY/R စာတန်းပါစိတ်ကြွမူးယစ်ဆေးပြား ၁၅၀ သိန်းပြား၊ (ကာလတန်ဖိုး ၃၀ ဘီလီယံကျပ်ခန့်)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ymg/mt
#Yangon_Media_Group