#LocalNews
Published - 26 March 2022

 

စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မျိုးစေ့ထုတ်နေကြာဧက ၂,၀၀၀ အတွက် ဓာတ်မြေသြဇာ တစ်အိတ်ကို သုံးသောင်းနှုန်းနဲ့ ဦးစားပေးရောင်းချပေးထားတယ်လို့ စစ်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးက ပြောပါတယ်။

 

“မတ်လအတွင်း ဓာတ်မြေသြဇာ တန် ၃၀၀ ကို နွေစပါးစိုက်ပျိုးနေတဲ့ ဧက ၃ သိန်းကျော်နဲ့ မျိုးစေ့ထုတ်မယ့် နေကြာဧက ၂,၀၀၀ အတွက် ဦးစားပေး ရောင်းချပေးထားပါတယ်။ တစ်အိတ်ကို သုံးသောင်းနှုန်းနဲ့ပါ။ တန် ၃၀၀ ရတဲ့အထဲမှာ လက်တလော နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေနဲ့ နေကြာမျိုးစေ့ထုတ်တဲ့တောင်သူတွေကို အဓိကရောင်းချထားပါတယ်။ ” လို့ ဦးစီးအရာရှိ၊ ဒေါက်တာ တင်မာမာဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ဓာတ်မြေသြဇာတွေကို ပထမအကြိမ် တန် ၅၀၀၊ ဒုတိယအကြိမ် တန် ၃၀၀ နဲ့ အခုအကြိမ်မှာ တန် ၃၀၀ တောင်သူတွေကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

 

၂၀၂၁-၂၀၂၂ ခုနှစ်မှာတော့ စစ်ကိုင်းတိုင်းအတွင်း နေကြာစိုက်ဧက ၃၅၆,၀၀၀ ကျော်ကျော် စိုက်ပျိုးခဲ့ပြီး ၂၄၀,၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ နေကြာသီးနှံကို ၃၅၉,၀၀၀ ကျော်စိုက်ပျိုးထားခဲ့ပါတယ်။

 

ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်မှာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ဆိုရင် မိုးနေကြာ ၄၁,၄၀၀ ကျော်ဧကနဲ့ ဆောင်းနေကြာ ၃၅၁,၇၀၀ ကျော် ဧက စုစုပေါင်း ၃၉၃,၀၀၀ ကျော် စိုက်ပျိုးဖို့ရာထားတယ်လို့ သိရပါတယ်။

 

နေကြာဆီထွက်သီးနှံကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧက ၁ ဒဿမ ၅ သန်း စိုက်ပျိုးဖို့ ရာထားပြီး နေကြာသီးနှံဟာ ဆီထွက်နှုန်းမြင့်မားပြီး စိုက်ပျိုးစရိတ်သက်သာတဲ့အတွက် တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနက စီမံနေပါတယ်။

 

ymg/ei
#Yangon_Media_Group