#LocalNews
Published - 26 March 2022

 

ရန်ကုန်တိုင်း၏ မြို့နယ်အချို့တွင် အိမ်ကျော်နင်းဖောက်ထွင်းမှုဖြစ်စဥ်များ ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြိုနေပြည်သူများထံမှ သိရပါတယ်။

 

တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အစရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင် အိမ် ဖောက်ထွင်းခံရမှုဖြစ်စဥ်များကို ပိုမိုကြုံတွေ့နေရပြီး လုယက်မှုဖြစ်စဥ်အချို့လည်းရှိနေကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သူများကပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ အိမ်ဖောက်ထွင်းခံရမှုတစ်မှုဖြစ်ပွားခဲ့ပြီး ဖောက်ထွင်းခံခဲ့ရသည့်အိမ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ၄င်းတို့နေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဥ်အပေါ် ယခုလို ပြောပြပေးခဲ့ပါတယ်။

 

"ညအိပ်နေတဲ့အချိန်မှာ ဖြစ်တာပါ။ သူက ခြံကိုကျော်ပြီးဝင်လာတယ်။ ခြံထဲကနေတစ်ဆင့် ညီမအခန်း ပြတင်းတံခါးကနေ တစ်ဆင့် အိမ်ထဲဝင်လာတယ်။ ညီမဘေးမှာထားတဲ့ ဖုန်းကိုလုတယ်။ ညီမလည်း သူ့ဆီက ဖုန်းကို အတင်းပြန်လုတယ်။ ရုန်းကန်ဆန်ခတ်တွေ ဖြစ်ကုန်တာပေါ့။ ညီမတို့က သူခိုး သူခိုးလို့အော်မှ သူက ပြန်ပြေးထွက်သွားတယ် အိမ်ထဲကနေ ညီမဖုန်းတော့ သူ့ဆီပါသွားတယ်။လူကို အန္တရာယ်မပြုသွားတာပဲ တော်သေးတာပေါ့လို့ ဖြေတွေးလိုက်ရတယ်။ ဒါ တောင် ညီမတို့ အိမ်က ခြံတံခါးအိမ်တံခါးတွေ အထပ်ထပ်ရှိပါတယ်။ သူက အဲ့ဒါတွေကို ဖျက်ပြီး ဝင်လာတာပါ။ လူကို ဘာမှလုပ်မသွားတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။" လို့ သူမက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ဆင်ခြေဖုံး မြို့နယ်/ ရပ်ကွက်တွေမှာလည်း ဆွဲကြိုးဖြတ်ပြေးတာတွေ ပိုက်ဆံအိတ်လု ပြေးမှုတွေနဲ့ ဆိုင်ကယ်ဖြင့် လုယက်မှုတွေလည်း ယခုကာလများတွင် ပိုမိုများပြားလာခဲ့ပြီး ပြည်သူတွေက အဆိုပါဖြစ်စဥ်တွေကို နေ့စဥ်လိုလို ကြုံတွေ့ခံစားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"ကျွန်မတို့ အိမ် ၅ လွှာအထိ သူခိုးတက်တယ်။ အဲ့ဒါကို အံ့သြနေတာ ဒီအပေါ် ၅ လွှာအထိ ဘယ်လိုတက်လာလဲမသိဘူး။ အခု ညပိုင်းတွေဆို အတော်သတိထားနေရတယ်။ ပြတင်းပေါက်တံခါးတွေလည်း ဖွင့်မအိပ်ရဲတော့ဘူး။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်မှာ
နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ယခုကာလများတွင် ရန်ကုန်မြို့တွင်း ကားမှတ်တိုင်အချို့မှာ လုယက်မှုကျုးလွန်သူများကလည်း ကားမှတ်တိုင်များကိုအခြေပြုကာ မှတ်တိုင်များမှ ခရီးသွားပြည်သူများ၊ ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ချိန်များတွင် လုယက်မှုများပြုလုပ်လာကြတယ်လို့ သိရပါတယ်။

 

လုယက်မှုကျူးလွန်သူများမှာ အဓိကအားဖြင့် လက်ကိုင်ဖုန်းများကို အာရုံစိုက်ကြည့်ရှုသူများကို
ပစ်မှတ်ထားကာ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့လုယက်ယူဆောင်ခြင်းဖြစ်တယ်လို့ လုယက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက YMG ကို အခုလိုပြောပြခဲ့ပါတယ်။

 

"ဗန္ဓုလတံတား အဆင်းက ကားမှတ်တိုင်မှာပါ။ ကျွန်မက ကားမှတ်တိုင်မှာကားစောင့်နေတာ အဲ့အချိန်မှာ ခါးပိုက်နှိက်က ကျမအိတ်ကိုဇစ်ဖွင့်ပြီး နှိုက်တာပေါ့။ ကျွန်မ သတိထားမိပြီး အိတ်ကို အ ရှေ့ပြန်ဆွဲပြီး ဘာလုပ်တာလဲလို့ သူ့ကိုလှမ်းအော်ပြီး ကြုံတဲ့လိုင်းကားပေါ်ကိုပဲ အမြန်တက်ခဲ့ရတယ်။ သတိထားတာမြန်လို့ ဘာမှတော့မပါသွားခဲ့ဘူး။ သူ့အသက်အရွယ်က အသက် ၄၀ လောက်တော့ရှိမယ်ထင်ပါတယ်။" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူမကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ကို ပြန်လည်ပြောပြခဲ့ပါတယ်။

 

ထို့အပြင် သခင်မြပန်းခြံကိုအခြေပြုကာ မြို့တွင်းပတ်ပြေးဆွဲနေသည့် ယာဥ်လိုင်းများပေါ်တွင် အုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်ကျူးလွန်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး အဓိကအနေဖြင့် ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ရာတွင် အများဆုံးကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။

 

ထိုသို့ လုယက်ခါးပိုက်နှိုက်ဖြစ်စဥ်တွေ များပြားလာသည့်အတွက် ရန်ကုန်မြို့နေပြည်သူများအ နေနဲ့ ပြင်ပသို့သွားလာရာမှာ အထူးဂရုပြုသွားလာနေကြတယ်လို့လည်း သိရပါတယ်။

 

ymg/kg
#Yangon_Media_Group