Published 21 March 2022

မြန်မာနိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရက် ဆိုခွန် (Prak Sokhonn)နှင့် အဖွဲ့ဟာ မတ်လ(၂၁)ရက်နေ့ မနက် ၁၀နာရီမှာ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ  ဥက္ကဋ္ဌရုံးမှာ တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်နှင့်အတူ အာဆီယံ အတွင်းရေးမှူးချုပ် လင်းမ်ဂျောက်ဟွမ်း၊အာဆီယံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးရုံး အမှုဆောင်ညွှန်ကြားရေးမှူး လီယန်မင်း၊ ကမ္ဘောဒီးယာအစိုးရအကြီးတန်းအရာရှိများနှင့် အာဆီယံတွင်းရေးမှူးချုပ်ရုံးဝန်ထမ်းတွေလိုက်ပါလာကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအရေးကိစ္စနှင့်ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း နစကတာဝန်ရှိသူများအပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အခြားတွေ့သင့်တွေ့ထိုက်သူတွေနှင့်တွေ့ဆုံဖို့ရှိကြောင်းသိရှိရပါတယ်။

အထူးကိုယ်စားလှယ်ဟာ ပထမအချက်အနေနှင့် အကြမ်းဖက်မှုတွေရပ်ဆိုင်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအချက်အနေနှင့် ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးတို့ကို အာရုံစိုက် ဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီ၊နိုင်ငံတကာဆက်ဆံရေးသိပ္ပံရဲ့ ညွှန်ကြားရေးမှူးချုပ် ကင်ဖီးက ပြောတယ်လို့ ခမာတိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။

အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ မတ်(၂၁)ရက် ညနေပိုင်းမှာ နစက နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့နှင့်လည်းတွေ့ဆုံဖို့ရှိတယ်လို့ ကြားသိရပါတယ်။