Published 20 March 2022

လေဖိအားနည်းရပ်ဝန်းကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနိုင်တဲ့ မုန်တိုင်းဟာ လာမယ့်  မတ်လ၂၁ရက် တနင်္လာ‌နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ ကိုးကိုးကျွန်းအနီးစတင်ရောက်ရှိမယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။ အဲဒီမုန်တိုင်းဟာ အဲဒီ တနင်္လာနေ့ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးနှင့် မတ်လ၂၂ရက်၊အင်္ဂါနေ့ မှာ ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဆက်စပ် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက်(၁၂)နာရီအတွင်းကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတွင် မုန်တိုင်းငယ်အဖြစ်၊အဲဒီကမှ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာမယ်လို့ မိုး/ဇလဦးစီးဌာနက ခန့်မှန်းထားတဲ့အကြောင်း မတ်၂၀ရက် မနက်၇နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မတ်၂၀ရက် ယနေ့မနက်မှ မတ်လ(၂၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရှိရပါတယ်။


အဲဒီအပြင်  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျစဉ်မှာ  ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနှင့်  ကြိုတင်သတိပြုနေထိုင်ကြဖို့နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ကြဖို့ မိုး/ဇလဌာနက နှိုးဆော်သတိပေးထားပါတယ်။

275997477 2204666773021722 5856087927577426799 n