#Local_News
Published_ 1 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒေါ်နီလာကျော်ကို အမှု ၁၆ မှု အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကိုအသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါဆောင်ရွက်မှုများအတွက် ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ လုပ်ငန်းစုစုပေါင်း ၁,၅၇၇ ခုမှ အရည်အသွေးစစ်ဆေးခအဖြစ် ဝင်ငွေ ကျပ်သိန်း ၁၆,၆၀၀ ကျော်ကိုရရှိစေခဲ့ပြီး အဆိုပါကုမ္ပဏီထံမှ ငွေကျပ် ၉၁၈.၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅.၃၆ သိန်းကို ၎င်း၏အိမ်အကူမှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၂,၁၃၀ သိန်းကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို, သွားရောက်အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၄၃.၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် တရာစွဲဆိုခဲ့ကြောင်းသိရပါတယ်။

 

ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် မေလ ၇ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် လက်ခံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အား ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၁/၂၀၂၁ မှ ၁၃/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၄/၂၀၂၁ မှ ၁၉/၂၀၂၁ အထိ ၆ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၀/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ ၄ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း အမှု ၁၆ မှု အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group