#Local_News
Published_ 22 Feb 2022

 

တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် သုတေသနဆောင်ရွက်ရာမှာ တိုးတက်မှုတွေရရှိနေတယ်လို့ နစကဥက္ကဋ္ဌက ‘မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ' အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

သုတေသနပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ရင် တိုင်းရင်းဆေးကိုအသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများအတွက် များစွာအကျိုးရှိမှာဖြစ်ပါတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

သုတေသီတွေကိုယ်တိုင်ကလည်း မိမိတို့ သုတေသနရလဒ်တွေရဲ့ အရေးပါပုံကို သေချာစွာ သိရှိနားလည်ပြီး သုတေသနကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို အမြဲမပြတ် သတိပြုရမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
တိုင်းရင်းဆေးသုတေသနတွေက ပြည်သူတွေ လက်တွေ့အကျိုးရှိစေရေးနှင့် တိုင်းရင်းဆေးဝါးတွေကို နိုင်ငံတာကာ အထိ ထိုးဖောက်ရောက်ရှိရေးအတွက် တိကျခိုင်မာတဲ့ သုတေသနပြုအချက်အလက်တွေ ပိုမိုရရှိဖို့ တိုင်းရင်းဆေးပညာဦးစီးဌာနဟာ တိုင်းရင်းဆေးပညာရှင်တွေနှင့် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း သူကအကြံပြုပါတယ်။

 

ကိုဗစ်တတိယလှိုင်းကာလမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကထုတ်လုပ်တဲ့ ယင်းတို့ရဲ့တိုင်းရင်းဆေးတွေဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပြီး ရောဂါခံစားရသူတွေ သုံးစွဲခဲ့ကြတာတွေရှိခဲ့ပါတယ်။ဒါပေမယ့် အဲဒီဆေးတွေရဲ့အကျိုးအာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်များကိုတော့ မသိရှိခဲ့ကြရပါဘူး။

 

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံကို စတင်တွေ့ရှိပြီးချိန်မှစလို့ ဆေးသုတေသနဦးစီးဌာနအနေနဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံးကို လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group