#LocalNews
Published-16 Feb 2022


ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ၏ကြွင်းကျန်ရစ်သော အရိုးပြာအိုး တစ်ချို့ တစ်ဝက်ကို မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်မှ ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်သို့ ဇာတိရွာ ၌အမှတ်တရစေတီမတည်မီ ဆရာတော်ကိုကြည်ညိုလေးစားသူများလာရောက် ရှိခိုးဝပ်ချ တောင်းပန်ကန်တော့မှုပြုနိုင်ပါစေရန် ဖေဖော်ဝါရီလ ၁၆ရက်က ပင့်ဆောင်ခဲ့ကြောင်းသိရပါတယ်။

ရန်ကုန်မြို့ ၊ သဒ္ဒမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်မုံရွာမြို့ ၊သဒ္ဒမ္မဇောတက သုဗောဓာရုံ ကျောင်းတိုက်နာယကဆရာတော် ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ရုပ်ကလာပ်အား ဖေဖော်ဝါရီလ ၁၃ရက် ယနေ့ မွန်းလွဲ ၃နာရီကအန္တိမအဂ္ဂိဈာပနအခမ်းအနားနဲ့ပူဇော်လိုက်တာဖြစ်ပါတယ်။

စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသဆရာတော်ဟာ ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် နဲ့သွေးဖြူဥရောဂါတို့ အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့ မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။
ymg/hm