#LocalNews
Published -29 Jan 2022
တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးနဲ့တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဟောင်လိတ်စက်မှုဇုန်မှ မြို့ရှောင်လမ်းဘက်သို့ မောင်းနှင်လာသည့် Toyota Crown မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါယာဉ်မှာ ဆက်လက်မောင်းနှင်၍ လမ်းဘေးတောစပ်တွင် ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားသဖြင့် ၎င်းမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၆၀၀ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
ဆက်လက်ပြီးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ အမှတ်(ဝလ/၉၅)ရှိ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများပိုင်ရှင် မောရှည်(၄၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်၌ ကျိုင်းတုံမြို့မှ ရောက်ရှိနေသည့် မောရှည်နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း)များ ရောင်းဝယ်ရာတွင် အကျိုးတူပူးပေါင်းပါဝင်သူ မနာလောခမ်း (၄၄)နှစ်အား Toyota Crown မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဆက်လက်၍ မနာလောခမ်းအား စစ်ဆေး ဖော်ထုတ်ချက်အရ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မာပို(၁)ကျေးရွာရှိ မောရှည် ပိုင် ရာဘာခြံကို ဆက်လက်ရှာဖွေရာ လှဝင်း(၁၈)နှစ်အား စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ပြား၊ ပွိုင့် ၂၂ သေနတ်ကိုယ်ထည် ၁ ခု၊ ပွိုင့် ၂၂ ပြောင်း ၁ ခု၊ ပွိုင့် ၂၂ စနိုက်ပါမှန်ပြောင်း ၁ ခု၊ ၄၀ မမဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၈ လုံး၊ ကျည်မျိုးစုံ ၆၅၂ တောင့်နှင့် သေနတ်လွယ်ကြိုး ၅ ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group