#LocalNews
Published - 19 Jan 2022
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့်၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင်ထောင်ဒဏ်၂နှစ်ချမှတ်ခံထားရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ၊လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို အဂတိမှုဖြင့် အလုပ်နှင့်နှစ်ရှည် ထောင်ဒဏ်အသီးသီးချမှတ်လိုက်သည်။
အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးမှ ထောင်ဒဏ်နှစ်ရှည် အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်းအမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့ အစည်းရုံး၏ တာဝန်ရှိသူက ပြောသည်။
၎င်းတို့၅ဦးအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်စီချမှတ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် အမှု အမှတ် (၁) မှာ ဂုံသောင်းတန်းဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျည်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကို စာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေကာ ငွေအလွဲသုံးစားပြုမှု၊ အမှုအမှတ် (၂) မှာ အစိုးရပိုင်အဆောက်အဦ ၃ ခုကို ပြည်သူသို့ ငှားရမ်းသည့်အမှု ၊ အမှုအမှတ် (၃) မှာ Third Party မှငွေအချို့ သတ်မှတ်ဘဏ်အကောင့်တွင် ရှိမနေဘဲ အခြားအကောင့်တွင် ရှိနေမှု တို့ ဖြစ်ပြီး အမှုအမှတ် (၄) မှာ ဦးမင်းအောင် အနေဖြင့် အစိုးရရန်ပုံငွေတွင်လည်း ပါဝင်ခြင်းမရှိ ၊ ပြည်နယ်လွှတ်တော်ခွင့်ပြုချက်လည်း မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး(၅)ခုကို တင်ဒါစည်းကမ်းအတိုင်းမလုပ်ဆောင်သောအမှုတို့ ဖြစ်ကြကြောင်း သိရသည်။
ဦးမင်းအောင်တစ်ဦးတည်း အမှုတစ်ခု ဖြစ်ပြီး ကျန် ၄ ဦးမှာ အမှု ၃ ခု အတွက် ၉ နှစ်စီ ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဦးညီပုနှင့် ဦးမင်းအောင်တို့ကို မဲ မသမာမှုပြုလုပ်သည်ဟုဆိုကာ ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မ ၁၃ဝ(က)ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင်လည်းကောင်း၊ထပ်မံ၍ ဦးမင်းအောင်ကိုဝန်ကြီးချုပ်ဟောင်း၏ မဲမသမာမှုပြုလုပ်သည်ကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁ဝ၉ ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်ကလည်းကောင်း ထပ်မံ စွဲဆိုထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group