#LocalNews

Published - 29 Nov 2021

လက်ရှိကာလမှာ ပရဟိတအသင်းအဖွဲ့ တွေက လိုင်စင်မဲ့ကားတွေကို သုဿန်သို့ဝင်ခွင့် မပြုသည့်အတွက် နာရေးလမ်းကြောင်းတွေကို ကူညီပို့ဆောင်ရာမှာ အခက်အခဲများစွာနဲ့ ကြုံနေရတယ်လို့ ရန်ကုန်အခြေစိုက် လူမှုကူညီရေး ပရဟိတအသင်း တွေထံမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက်စေတနာ့ဝန်ထမ်းများနဲ့ ပရဟိတအဖွဲ့အစည်းများအနေနဲ့မှတ်ပုံတင်ရန်နဲ့ လိုင်စင်မဲ့ယာဉ်များအသုံးမပြုရန်သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက ယခု နိုဝင်ဘာလအတွင်းမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။

အဆိုပါ ညွှန်ကြားချက်ထုတ်ပြန်ပြီး  နောက်ပိုင်းကာလတွေမှာ အခုလို ပရဟိတအသင်း တွေမှာ အသုံးပြုနေတဲ့လိုင်စင်မဲ့နာရေးကားတွေကို သုဿန်သို့ ဝင်ခွင့်ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

"အခက်အခဲ အရမ်းဖြစ်တာတစ်ခုရှိတယ်။ နာရေးကားတွေနဲ့ အလောင်းသယ်ရင် လိုင်စင်မဲ့ကားဖြစ်လို့ သဂြိုလ်မပေးဘူး၊  အလောင်းတွေသယ်ပြီး ကားပေါ်မှာတင်ပြီးဘာလုပ်ရမှန်းမသိတဲ့ အဖွဲ့ တွေရှိတယ်။ အခုလက်ရှိကြုံရတာပေါ့။ အဓိကက ထိန်ပင်သုဿန်ပေါ့၊ ရေဝေးက ပြောလို့ရသေးတယ်။ မနေ့ကဆို အလောင်းသယ်တယ် ရေခဲတိုက်ထဲ လိုင်စင်မဲ့ကားဝင်လို့မရဘူးဆိုတော့ အ လောင်းကို အခြားကားပေါ်ပြောင်းတင် ပေးလိုက်ရတယ်။ နာရေးလမ်းကြောင်းတွေ ကူညီပေးတဲ့နေရာမှာ အခက်အခဲ တွေ အများကြီးတွေ့ရတာပေါ့။ အဓိကက ထွေ/အုပ်က စာထုတ်ထားတယ်ဆိုပြီး သုဿန်တွေကို လိုင်စင်မဲ့ပရဟိတကား တွေကို  ပေးမဝင်တာပေါ့။ သူတို့က ကန့်သတ်ထား တော့ ဝင်လို့ က အဆင်မပြေဘူးပေါ့။ အဲ့တော့ နာရေးရှင်တွေက ကားလှမ်းခေါ်ရရင် စည်ပင်ကားဆိုရင် ပိုက်ဆံ ပေးရမှာ လေ တစ်သိန်းခွဲ တွေတစ်သိန်း တွေ အဲ့လိုပေါ့ လေ။ အကို တိုကား တွေနဲ့ အ လောင်းသယ်ပြီး သုဿန်ထိပ်ဝ ရောက်မှ ကားချိန်းပြီးအလောင်းပြောင်း ပေးလိုက်ရတာတွေရှိပါတယ်။"လို့ ရန်ကုန်မြို့    ဒေသခံ ပရဟိတသမားတစ်ဦးက ရန်ကုန်တိုင်းမ်ကို  အခုလို ပြောပြခဲ့ပါတယ်။

လက်ရှိကာလမှာ  ဆေးရုံများသို့ လူနာလမ်းကြောင်းများပို့ဆောင်ရာမှာ အခက်အခဲမရှိ ပေမယ့်လည်း နာရေးလမ်းကြောင်းတွေပို့ဆောင်ရာမှာ တော့ အခက်အခဲများစွာရှိနေတာဖြစ်တယ်လို့ ပရဟိတလူမှုကူညီရေးလုပ်ကိုင်သူ တွေက ဆိုပါတယ်။

"ပရဟိတအသင်း တော်တော်များများမှာ လိုင်စင်ရှိတဲ့ကားဆိုတာက အတော်ရှားပါတယ် ၊ လိုင်စင်မဲ့ကား တွေနဲ့ပဲ လုပ်နေကြတာကိုး၊ အလှူရှင် တွေကလည်း လိုင်စင်မဲ့ကား  တွေပဲ လှူနိုင်တာလေ၊  ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ အသင်းအဖွဲ့တိုင်းမှာ လိုင်စင်နဲ့ကားရှိတဲ့အသင်းက ဘယ်နှစ်သင်းရှိလဲဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ရှိမှ မရှိကြတာ လိုင်စင်ကားက ဘယ်သူမှ မလှူနိုင်ကြဘူး လေ။"လို့  ၄င်းကဆက်လက်  ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း တချို့ကူညီမှုလမ်းကြောင်းတွေကို လက်ရှိကာလမှာ  ခေတ္တရပ်နားထားရတယ်လိုလည်း ပရဟိတအဖွဲ့ တွေက ဆိုပါတယ်။"အကိုတို့ ပရဟိတအသင်းအဖွဲ့ တွေဆိုတာ ဟိုးအရင်ထဲကစဖွဲ့ထားတဲ့အသင်းတွေ ပေါ့။ ကိုဗစ်ကာလထဲက အသင်းအဖွဲ့ တွေ ပါ၊ ဖြစ်လာသမျှ  ရေ ဘေး၊ မီး ဘေး အကုန်လုံးမှာ သွားနေတဲ့ကား တွေက အကုန်လုံးက အသင်းလိုင်စင်ရှိပြီးသားအသင်းကားတွေပါ။ ဒီဟာကိုနားလည်မှုနဲ့ ကားဘယ်နှစ်စီး လောက်ရှိတယ်။ တစ်သင်း ဘယ်နှစ်စီးဆိုပြီး မှတ်တမ်း လေးသေချာယူပြီး လွတ်လွတ်လပ်လပ် လေး လုပ်ခွင့် ပေး ရင် တော့ ကောင်းတာပေါ့ နော်။ အခုကျ တော့ ကန့်သတ်ချက် တွေက အများကြီးဖြစ်သွားတာပေါ့။ ရိုးရိုးသားသားလုပ် နေတဲ့ ပရဟိတအဖွဲ့အစည်း တွေကို နားလည်မှုနဲ့ ညှိနှိင်းပြီး တော့ဘဲ  ဆောင်ရွက်ခွင့် ပေးစေချင်ပါတယ်။"လို့ ၄င်းက ထပ်လောင်း  ပြောပြခဲ့ပါတယ်။

#YangonMediaGroup