Published: 26 November 2021
ဒီကနေ့ နံနက်အစောပိုင်းအချိန်က အင်အား ၆.၁ အဆင့်ရှိ မြေငလျင်လှုပ်ရှားမှုကြောင့် ဟားခါးမြို့နယ်တွင် ဘုရားကျောင်းတစ်ကျောင်းပျက်စီးးခဲ့ရတယ်လို့ သိရပါတယ်။
ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီ ၁၀ မိနစ်ကျော် အချိန်ခန့်က မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့ အနောက်မြောက် ၉ မိုင်ခန့်အကွာ တောင်တန်းဒေသအောက်အနက် ၂၁ မိုင်မှာ မဂ္ဂနီကျု ၆.၁ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာပါ။
အဆိုပါ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဟားခါးမြို့နဲ့ မိုင် ၅၀ခန့် အကွာတွင်တည်ရှိသည့် လုံကြွယ်ကျေးရွာ Believer Church ဘုရားကျောင်းတွင် ပျက်ဆီးမှုရှိခဲ့ပြီး ဘုရားကျောင်း ပလ္လင်ပေါ်တွင် အုပ်နံရံပြုတ်ကျပြီး ထိုင်ခုံနဲ့ပလ္လင်ပေါ် ရှိ ပစ္စည်းတစ်ချို့ ပျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီကနေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ပုဂံအပါအဝင် မြို့အများအပြားတွင် မြေတုန်ခါမှုများကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ပုဂံဒေသမှာတော့ ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
"မနက်အစောပိုင်းက လှုပ်သွားတာပေါ့၊ ညီမတို့ ပုဂံဒေသဘက်မှာပါ လှုပ်သွားတာပေါ့၊ သူလှုပ်သွားတဲ့ အချိန်က စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်။ နံနက် ၆ နာရီ ၁၆၊ ၁၇ မိနစ်အချိန်လောက်မှာပေါ့။ ခါရမ်းသွားတာတော့ရှိပါတယ်။ ညီမတို့လည်း သိလိုက်ပါတယ်။ ဒါပေမဲ့ ဘုရား၊စေတီ၊ပုထိုးတွေ ထိခိုက်ပျက်စီးတာတွေတော့ ဘာမှမရှိခဲ့ပါဘူး။ ပြောရရင် သူက မိနစ်အကြာကြီး မဟုတ်တော့ ဘာမှတော့ မထိခိုက်ခဲ့ပါဘူး။"လို့ ပုဂံ-ညောင်ဦး ဒေသခံတစ်ဦးက ငလျင်လှုတ်ခတ်မှု ဖြစ်စဥ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ်ကို အခုလို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ငလျင်လှုပ်ခတ်မှု၏ အရှိန်ကို မြို့တော်တော်များများက သိရှိခံစားလိုက်ရတာ လည်း ဖြစ်ပါတယ်။
အလားတူ ဒီကနေ့ မြန်မာစံတော်ချိန် ၉ နာရီအချိန်ခန့်မှာလည်း မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်၊ ထန်တလန်မြို့အနောက်တောင်ဘက် ၅ မိုင်ကျော်အကွာ တောင်တန်းဒေသအောက်အနက် ၇ မိုင်မှ မဂ္ဂနီကျု ၃.၃ အဆင့်ရှိ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ရှားသွားခဲ့ပြီး အဆိုပါဒေသအတွင်း မဂ္ဂနီကျု ၄.၅, ၃.၁ အဆင့် နောက်ဆက်တွဲငလျင်ငယ်များ မိနစ်ပိုင်းခြားကာ လှုပ်ရှားခဲ့ကြောင်း မြန်မာနိုင် ငံ မြေငလျင်သတင်းစင်တာက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းက လှုပ်ရှားသွားခဲ့သည့် မဂ္ဂနီကျု ၆.၁ အဆင့်အားပြင်းငလျင်ကြောင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းအချို့ ဒေသများတွင် မြေတုန်ခါမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအနောက်ဘက်ပိုင်း ချင်းပြည်နယ် - အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဒေသကြီးတစ်ခုလုံးမှာလည်း သိသာသည့်မြေတုန်ခါမှုများ၊ တုန်ခါလှိုင်းများ ဆက်တိုက်ပျံ့နှံ့ခဲ့တယ်လို့လည်း အဆိုပါ မြေငလျင် သတင်းစင်တာ၏ ထုတ်ပြန်မှုအရ သိရပါတယ်။