#LocalNews
Published - 18 Nov 2021
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်နှင့် နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ်လုပ်ငန်းရှင်များအား တက်တက်ကြွကြွ တွန်းအားပေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးသံမှူး ဖြစ်သူ Mr. Tan Shufu က ပြောကြားလိုက်ပါတယ်။
အဆိုပါ ပြောကြားမှုကို ယခု နိုဝင်ဘာလ ၁၆ ရက် နေ့မှာ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တဲ့ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေအစီအစဥ်ဖြင့် မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးအွန်လိုင်းသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားမှာ တရုတ်စီးပွားရေးမှူးက အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် သံမှူး Mr. Tan Shufu က "တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာထွက်ကုန် ကုန်သွယ်မှု၊ စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေး လူတော်လူချွန် ကူးလူးဖလှယ်မှု၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့၌ များပြားသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ထောက်ခံအားပေးကြောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ စတုတ္ထအသုတ် စိုက်ပျိုးရေးစီမံကိန်းများကို နေပြည်တော်၌ စတင်ခဲ့ရာ နေပြည်တော်ရှိ ကျေးရွာနှစ်ရွာသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသွင်သစ်များ ပြောင်းလဲနိုင်ခဲ့ကြောင်း" ၄င်း၏ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါ့အပြင် တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများ လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံမှ တက်တက်ကြွကြွ တွန်းအားပေးကြောင်းကိုလည်း တရုတ်စီးပွားရေးသံမှူးက ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ပိုးစာမွေးမြူရေး၊ ပဲပုပ်၊ ကော်ဖီ၊ ရော်ဘာ စသည့် တရုတ်နိုင်ငံစျေးကွက်တွင် ရောင်းချရန်သင့်လျော်ပြီး ခွဲတမ်းမလိုအပ်သော ထုတ်ကုန်များ စိုက်ပျိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း တရုတ်သံရုံးစီးပွားရေးသံမှူး Mr. Tan Shufu က ပြောကြားခဲ့တာပါ။
လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ အစီအစဥ်ဖြင့် ဖွင့်လှစ်တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးအွန်လိုင်းသင်တန်းကို မြန်မာနိုင်ငံမှ သင်တန်းသား (၂၂)ဦး တက်ရောက်မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
#Yangon_Media_Group