#LocalNews

Published - 18 Nov 2021

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ အစီအစဥ်ဖြင့် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ တရုတ်နိုင်ငံ အပူပိုင်းဒေသစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှ တာဝန်ခံကျင်းပသည့် မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးအွန်လိုင်းသင်တန်းကို ယခုနိုဝင်ဘာလ ၁၆ ရက် နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စိုက်ပျိုး ရေးသင်တန်းဟာ (၂၂)ရက်ကြာမြင့်မည်ဖြစ်ပြီး ယခုအကြိမ်သင်တန်းတွင် ပန်းမန်၊ ကြံ၊ Vanilla planifolia ၊ ပီလောပီနံ၊ ကိုကိုးစေ့၊ ရော်ဘာ၊ လိုက်ချီးသီး၊ ကော်ဖီ စသည့် အပူပိုင်းဒေသသီးနှံမျိုးကောင်းများ စိုက်ပျိုးရေးသင်ခန်းစာများကို စီစဉ်ပေးထားပြီး တရုတ်နိုင်ငံ အပူပိုင်းဒေသ လယ်ယာထွက်ကုန်များ၏ အရည်အသွေး၊ ဘေးကင်းစေရေးနှင့် ခေတ်မီစိုက်ပျိုးရေးစက်မှုဥယျာဉ်များ စီမံရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ အစီအစဥ်ဖြင့် ဖွင့်လှစ်တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးအွန်လိုင်းသင်တန်းကို မြန်မာနိုင်ငံမှ သင်တန်းသား (၂၂)ဦး တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် သင်တန်းသားများကို အပူပိုင်းဒေသသီးနှံများ စံပြအခြေစိုက်စခန်းအသီးသီးသို့ အွန်လိုင်းမှတစ်ဆင့် လည်ပတ်လေ့လာနိုင်ရန်လည်း ဆောင်ရွက်ပေးထားသလို ယခုဖွင့်လှစ်လိုက်တဲ့ စိုက်ပျိုးရေးအွန်လိုင်းသင်တန်းသည် နှစ်ဦးနှစ်ဖက်လုံး အတူတကွဂရုပြုကြသည့် အပူပိုင်းဒေသ စိုက်ပျိုးရေးနယ်ပယ်၌ အရေးပေါ်လိုအပ်နေသော ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်ရန်၊ မြန်မာနိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နှစ်ဦးနှစ်ဖက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ချဲ့ထွင်ရန်တို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီးမြန်မာနိုင်ငံပြည်သူများကို အကျိုးပြုနိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ဟိုင်နန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယအဆင့် စစ်ဆေးရေးမှူ Mr. Qu Fujing တို့ တက်ရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

#Yangon_Media_Group