#LocalPolitics
Published - 17 Nov 2021
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများထဲမှ ၅၀၅ (ခ) အမှုကို နိုဝင်ဘာလ ၃၀ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် ဆက်စပ်သူများက တိတိပပ ပြောဆိုကြသည်။
နိုဝင်ဘာလ ၁၆ ရက်က နေပြည်တော် အထူးတရားရုံးတွင် လူကိုယ်တိုင် ရုံးထုတ်ခဲ့စဉ် ၅၀၅(ခ)အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြရခြင်း ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ဦးဝင်းမြင့် ၊ ဒေါက်တာ မျိုးအောင် တို့ လည်း ယင်းအမှုတွင် ပါဝင်ကြောင်း သိရသည်။
"မနေ့က လျှောက်လဲချက် အပြီး လုပ်ကြရတယ်။လူကိုယ်တိုင်ပဲ။ဟုတ်တယ် ဒီလ ၃၀ ရက်နေ့ အမိန့်ချမှာလို့ ပြောတယ်"ဟု အဆိုပါ ရှေ့နေအသိုင်းအဝိုင်းနှင့် ဆက်စပ်သူများအနက် တစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောသည်။
နိုဝင်ဘာလ ၁၆ ရက် ရုံးချိန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နှင့် စွဲထားသော အမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။
ပုဒ်မ-၅၀၅(ခ)သည်နိုင်ငံတော်အစိုးရသို့မဟုတ်နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေရန်အကြံဖြင့် အများပြည်သူ၊လူတစ်စုအား ကျူးလွန်လာစေလိုရန် ကြောက်ခြင်း၊ထိတ်လန့်ခြင်း၊တစ်ခုခုဖြစ်စေရန် သို့မဟုတ် ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင်ပုဒ်မအရပြစ်မှုမြောက်ကြောင်း နှင့် ပြစ်ဒဏ်မှာပုဒ်မ-၅၀၅(က)အတိုင်းဖြစ်ကြောင်းသိရသည်။
၅၀၅ (က) ကို ယခင်က ထောင်ဒဏ်(၂)နှစ်ဟု သတ်မှတ်ခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပြင်ဆင်ချက်အရ ထောင်ဒဏ်(၃)နှစ်ဟုပြင်ဆင်ထားကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှု ဖြင့် တရားစွဲဆိုထားသည်။
ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် ကလည်း ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယခင်အစိုးရအဖွဲ့ဝင်ဟောင်း လူပုဂ္ဂိုလ် ၁၆ ဦးကို မဲမသမာမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထပ်မံ၍ တရားစွဲဆိုထားသေးသည်။