Published_10 January 2024

စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ နေပြည်တော်၊ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် ကျင်းပခဲ့ပြီးစံချိန်သစ်တင်ခဲ့သောစက်ဘီး အားကစားသမားနှစ်ဦးထွက်ပေါ်ခဲ့ကြောင်း အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအဖြစ် ဇန်နဝါရီလ (၉)ရက်နှင့်(၁၀)ရက်၌ကျင်းပခဲ့ခြင်းဖြစ်သည်။

စက်ဘီးပြိုင်ပွဲများတွင် အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးမှ ကြယ်စင်လင်းလက်က၂၀၂၂ခုနှစ်က အားကစားသမား၏စံချိန်ကိုချိုးကာပထမဆုဆွတ်ခူးခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို စက်ဘီး(အမျိုးသား) မီတာ(၁၀၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ရှိုင်းထက်အောင်ကလည်း ၎င်းကိုယ်တိုင်တင်ခဲ့သည့် စံချိန်ကိုချိုးပြီး စံချိန်သစ်တင်က ပထမဆုဆွတ်ခူးခဲ့သည်။

စက်ဘီးပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၅၀၀)၊ အမျိုးသား မီတာ(၁၀၀၀)၊ အမျိုးသမီး မီတာ(၃၀၀၀)နှင့် အမျိုးသား မီတာ(၃၀၀၀)ပြိုင်ပွဲများ၊ အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား(၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News