Published_ 15 December 2023
 
  AFC CUP 2023 - 24 အုပ်စု နောက်ဆုံး ပွဲစဥ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်၊ ည ၆ နာရီခွဲ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် (မြန်မာ)နှင့် ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား) ကလပ်အသင်းတို့ ယှဥ်ပြိုင် ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက (၂ - ၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 
 
  ရှမ်းယူနိုက်တက် အသင်း ပွဲထွက် လူစာရင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ရဲမင်းသူ၊ ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ဇင်ဖြိုးအောင်၊ မက်ခ်ဆာကီ၊ ရဲရင့်အောင်၊ ဘယ်လိုနှင့် မိုတိုတို့ ပါဝင်ကစားခဲ့သည်။ ဖနွမ်းပင် ခရောင်း အသင်းတွင် မြန်မာ့ လက်ရွေးစင် နောက်ခံကစားသမား စိုးမိုးကျော် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့သည်။
 
  ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် ကစားခဲ့ပြီး ပွဲချိန် ၃၁မိနစ်တွင် နီတိုက ဖနွမ်းပင် ခရောင်း အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် ရှမ်းယူနိုက်အသင်းက ရရှိသည့် အခွင့်အရေးများကို အသုံးချနိုင်ခဲ့၍ ပွဲချိန် ၄၁ မိနစ်တွင် ဘယ်လိုက ချေပဂိုး၊ ပွဲချိန် ၄၅ မိနစ်တွင် ရဲရင့်အောင်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ 
 
  ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဖနွမ်းပင် ခရောင်းအသင်း၏ ထိုးဖောက်မှုများကို ရှမ်းအသင်းက အကောင်းဆုံး ကာကွယ်နိုင်ခဲ့၍ ပွဲအပြီးတွင် ရှမ်းအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
 
 ယခုပွဲ၏ Man of The Match ဆုကို ရှမ်းယူနိုက်တက်အသင်းမှ မက်ခ်ဆာကီ ရရှိခဲ့သည်။
ymg_mnn
#Yangon_Media_Group
#YMG_News #Yangon_Times