Politics

ဖီဖာငြိမ်းချမ်းရေးဆု၏ ပထမဆုံးဆုကို သမ္မတထရမ့်ရရှိဖွယ်ရှိနေပြီး အဆိုပါ ဆုလုပ်ငန်းစဉ်များကို မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်နေဟုဆို

၅ ဒီဇင်ဘာ၊၂၀၂၅

◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး   ဆောင်ရွက်သူများကို ဂုဏ်ပြုမည့်  ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ  သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။

◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး  ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု  အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး  ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။

◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း  ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။

#ymg/knl

မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ ထုတ်လုပ်နိုင်မည့် ကြီးမားလှသည့် သဘာဝဓာတ်ငွေ့သိုက်ကြီးတွေ့ရှိထား

ဒီဇင်ဘာ၂၊၂၀၂၅

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ်  ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။

အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက်  M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline  ကို အတည်ပြုပြောကြားထားသည်။

Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ)  ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း  အဆိုပါ သတင်းတွင်ဖော်ပြထားသည်။

Guyana ကို ၂၀၁၅ ခုနှစ်တွင် တောင်အမေရိကရှိ ဂိုင်ယာနာနိုင်ငံ၌ Exxon Mobil မှ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှစတင်၍ တစ်ရက်လျှင် စည် ၁.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းဆောင်ရွက် ရှိနေသည့် ကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးဖြစ်သည်။ဂိုင်ယာနာနိုင်ငံသည် အဆိုပါဓာတ်ငွေ့   တွင်းကို တွေ့ရှိပြီးနောက် စွမ်းအင် ထုတ်လုပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ကမ်းလွန်ရေနံ  ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်းလည်းသိရှိရသည်။

ထို့အပြင် M-15 လုပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်ကျောက်လွှာ Source Rock သည် တရုတ်နိုင်ငံ၊ Bohai ပင်လယ်ကွေ့တွင် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၄၀ ခန့် (ရေနံစည်ပေါင်း သန်း ၃၀၀ ခန့်) ထုတ်လုပ်လျက်ရှိသည့် Source Rock ထက် အဆ ၃၀ ခန့် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုသည်။

မကြာသေးမီက ကပ္ပလီ ပင်လယ်၊ အိန္ဒိယပိုင်ရေနယ်နိမိတ်အတွင်း ဟိုက်ဒရိုကာဗွန်စတင်တွေ့ရှိခဲ့မှုကို အိန္ဒိယနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ  အဆိုပါဧရိယာသည် M-15 လုပ်ကွက်၏ အနောက်ဘက် ၆၀ ကီလိုမီတာအတွင်း တည်ရှိသည်။ ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင် ပါဝင်မှုရှိကာ ကပ္ပလီ ပင်လယ်သည် အိန္ဒိယ၏ စွမ်းအင်ဖူလုံမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်မည် ဟုပြောသည်။ယင်းဧရိယာသည် မြန်မာနိုင် M-15 လုပ်ကွက်နှင့် ဘူမိအနေအထားတူညီမှုရှိကြောင်းလည်း အဆိုပါupstreamonline သတင်းတွင် ဖော်ပြပါရှိသည်။

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိရာ M-15 လုပ်ကွက်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး အောင်မြင်လာပါက လူမှုရေး၊ စီးပွားရေး ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း CFG က ပြောသည်။

လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်း၊ ရေနံစင် များအသုံးပြု၍ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တွင် LNG အဖြစ်ထုတ်လုပ်၍ ဖြန့်ဖြူးခြင်း၊ မလက္ကာရေလက်ကြားတဝိုက် ဖြန့်ဖြူးခြင်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#ymg/knl

စက်သုံးဆီများ သတ်မှတ်နေရာများသို့မှန်မှန်ကန်ကန်ရောက်ရှိရေးပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးက စက်သုံးဆီလုပ်ငန်းရှင်များကို တိုက်တွန်း

၁ ဒီဇင်ဘာ ၊၂၀၂၅

စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့  မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင်  ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို  ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။

စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင်  စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ပြည်သူ့အကျိုး  ရှေးရှုပြီး လက်တွဲ ညီစွာဆောင်ရွက်သွားရဖို့လည်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။

ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစား   ပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပြီး ပြည်ပမှ စက်သုံးဆီများ တင်သွင်းရာတွင် တင်သွင်းလာ   သည့် စက်သုံး ဆီများ၏ အရည်အသွေးပြည့်မီ မှန်ကန်မှု ရှိစေရေး  အရေးကြီးတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဦးစွာ Terminal များမှစ၍  Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင် ရွက်ရမှာဖြစ်ပြီး သိုလှောင်ကန်စခန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီ ဖြန့်ဖြူး ပေးပို့ရာ တွင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသများသို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုကွင်းဆက်တစ်လျှောက် ဝန်ကြီးဌာနက အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့လည်း ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။

ယင်းနောက်မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းနှင့် တာဝန်ရှိသူများ၏ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ပြည်ပစက်သုံးဆီတင်သင်္ဘောမှ စက်သုံးဆီများ လက်ခံချယူ သိုလှောင် နေမှုများ၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG)စနစ်တပ်ဆင်၍ Control Room မှ စက်သုံးဆီ များ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

#ymg/knl

Health

တရုတ်နိုင်ငံက မူ/လယ် ကျောင်းသားများ၏ စိတ်ဖိစီးမှု လျှော့ချရန် အိပ်ချိန်ပိုပေးပြီး screen ကြည့်ချိန် လျှော့ချ

ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ်   တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား  သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့  သည်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။

ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။

ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။

"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ  သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး  မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင်   သူများက ပြောကြားသည်။

အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ    ပေးနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့  သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး   စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ  နေကြဆဲ ဖြစ်သည်။

 

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

၂၀ ဇူလိုင် ၂၀၂၅

ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Source: nypost.com

x sleeping prince saudi arabia 108448338

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.