နေပြည်တော်၊ ဒီဇင်ဘာ ၃၁

ယခုလက်ရှိ ဖြစ်ပေါ်နေသော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း  မူဝါဒ (One China Policy) အပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်  ဖြစ်ကြောင်း အမျိုးသား  ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာချိန်မှစ၍ လွတ်လပ်ရေးကို အစောဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံခေါင်းဆောင်များ  ၏တွေ့ဆုံမှုများတွင် အတည်ပြုထားပြီးဖြစ်သည့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို အစဉ်တစိုက် ထောက်ခံလျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်  ပေါင်းစည်းရေး ရည်မှန်းချက်အပေါ်တွင်လည်း ထောက်ခံရပ်တည်ကြောင်း သတင်းထုတ်ပြန်ချက်တွင် အလေးအနက်ပြုထားသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အခြေခံကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို အပြန်အလှန် လေးစား လိုက်နာလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်ဝမ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားတွင် အောက်ပါအတိုင်း အဓိကအချက် များ ပါဝင်သည်-

    ပြည်တွင်းရေးကိစ္စရပ်ဖြစ်ခြင်း- နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရဟူသော မူဝါဒအရ ထိုင်ဝမ်ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်။

 ဒေသတွင်းလုံခြုံရေး- ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေ နိုင်သဖြင့် ယင်းလှုပ်ရှားမှုများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပဋိပက္ခကို ကြီးထွားစေမည့် အားပေးမှုများကို ထိန်းသိမ်းရန် တိုက်တွန်းထားသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားသည့် နိုင်ငံအဖြစ် ဆက်လက်  ရပ်တည်  သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အတည်ပြု ပြောကြားထားသည်။

#ymg/knl