၉ ဇွန် ၂၀၂၄
မြန်မာနိုင်ငံမှာ ထိုင်းကွန်ဒိုဝယ်ယူမှုတွေအပေါ် ဖမ်းဆီးအရေးယူနေတဲ့ အတွက် ထိုင်းနိုင်ငမှာ ယခုနှစ်ဒုတိယနှင့် တတိယ လေးလပတ်ကာလတွေမှာ ကွန်ဒိုအဝယ်သိသိသာသာကျဆင်းသွားလိမ့်မယ်လို့ ထိုင်း ကွန်ဒိုမီနီယမ်အသင်းကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
မြန်မာအစိုးရရဲ့ဖမ်းဆီးအရေးယူမှုတွေကြောင့် ဧပြီလနှင့်မေလတွေမှာ ဘတ်ငွေ တစ်ဘီလျံကျော်တန်ကွန်ဒိုတွေတွေ မြန်မာနိုင်ငံက ဝယ်လက်တွေဝယ်ကြတာ ပိတ်သွားတယ်လို့ အဲဒီအသင်းဥက္ကဋ္ဌ ပရာဆတ်တရက်ဒူလာယာဆာတစ်က ပြောပါ တယ်။
“ ထိုင်းကွန်ဒိုတွေဝယ်ကြတဲ့ နိုင်ငံခြားဝယ်လက်တွေကြားထဲမှာ မြန်မာဟာ ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်နေတဲ့အတွက် အဲဒီနှိမ်နှင်းအရေးယူမှုတွေကြောင့် မြန်မာတွေ ဝယ်ဖို့ခက်ခဲသွားလိမ့်မယ်။ ဒုတိယနှင့်တတိယလေးလပတ်မှာ ကွန်ဒိုအရောင်း အပေါ် သိသိသာသာ အကျိုးဆက်ဖြစ်မှာ အသေအချာပဲ” လို့သူကပြောပါတယ်။
တရုတ်ရဲ့ကွန်ဒိုအဝယ်တွေကျဆင်းလာနေတဲ့အချိန်မှာ တိုးတက်လာနေတဲ့မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှု အရေအတွက် နှင့်တန်ဖိုးကို ကျွန်တော်တို့လျစ်လျူရှုလို့ကိုမရဘူး လို့လည်း သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒိုတွေကို ၂၀၂၂ခုနှစ်ကစတင်ဝယ်ယူလာကြတာဖြစ်ပြီး ထိပ်တန်း၁၀နိုင်ငံအပြင်ဘက် ကနေ ထိပ်တန်းငါးနိုင်ငံစာရင်းထဲ ဝင်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအိမ်ခြေံမြေသတင်းအချက်အလက်စင်တာမှ သိရပါ တယ်။
၂၀၂၂ခုနှစ်မှာ မြန်မာဟာ ကွန်ဒိုဝယ်ယူမှု အရေအတွက်အရ အဆင့် (၆)နှင့် တန်ဖိုးအရ အဆင့်(၃)ရခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ၂.၅၅ ဘီလျံဘတ်ရှိတဲ့ ကွန်ဒိုပေါင်း ၃၄၉ ခန်း ဝယ်ခဲ့ကြပါတယ်။ ၂၀၂၃မှာ မြန်မာဟာ အဆင့်(၄)ရောက်လာပြီး စုစုပေါင်း တန်ဖိုး ၃.၇ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၅၆၄ ခန်းဝယ်ခဲ့ကြပါတယ်။
ယခုနှစ်မှာ မြန်မာဈေးကွက်ဟာ ဆက်လက်တိုးတက်လာခဲ့ပြီး ပထမလေးလပတ်မှာ အဆင့် (၂) ရောက်လာပါတယ်။ တန်ဖိုး ၂.၂ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၃၉၂ခန်းဝယ်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၂-၂၀၂၃မှာ မြန်မာတွေကွန်ဒိုဝယ်ကြတာဟာ နိုင်ငံခြားသားစုစုပေါင်းဝယ်ကြတာရဲ့ ၃ရာခိုင်နှုန်းနှင့် ၄ရာခိုင်နှုန်း အကြားသာရှိခဲ့ရာမှ အရေအတွက်အရေ ၁၀ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၁၂ ရာခိုင်နှုန်းအထိ အချိုးအစားမြင့်တက်ခဲ့ပါတယ်။
“ မြန်မာနိုင်ငံကအဝယ်တွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာတွေစကတည်းက တိုးလာခဲ့တာပါ။ မကြာသေးခင်က တောင် မြန်မာတွေရဲ့ ကွန်ဒိုအဝယ်ဟာ စုစုပေါင်းရဲ့ တစ်ဝက်ရှိတယ်လို့ အချို့ ဆောက်လုပ်ရေးကုမ္ပဏီတွေကပြောကြတယ်” လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ ခေတ္တ ညွှန်ချုပ် ဗီချိုင်း ဗီရက်ကာပန်က ပြောပါတယ်။
မြန်မာတွေအကြိုက်အတွေ့ဆုံးက မဟာဘန်ကောက်ဧရိယာဖြစ်ပြီး တစ်နှစ်တစ်နှစ်မှာ မြန်မာတွေကို ကွန်ဒိုရောင်းရတာ မြင့်တက်လာပြီး ၂၀၂၄ ပထမလေးလပတ်မှာ တန်ဖိုး ၂.၁ဘီလျံဘတ်ရှိတဲ့ အခန်းပေါင်း ၃၆၆ ခန်းရောင်းရပြီး အရေအတွက် အားဖြင့် ၄၄၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။
“ မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားနေတဲ့ ကွန်ဒိုရောင်းကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ အိမ်အရောင်းပြပွဲတွေဘက် အာရုံစူးစိုက်သင့်တယ်” လို့ မစ္စတာ ပရာဆတ်ကပြောပါတယ်။ “ သူတို့ဟာ နိုင်ငံခြားငွေအလွှဲအပြောင်းကို အချိန်ယူလုပ် ကြရတော့ မှာမို့ အသင့်နေကွန်ဒိုတွေထက် ကြိုပွိုင့်တွေဘက် ပြောင်းသွားလိမ့်မယ်” လို့ သူကပြောပါတယ်။
“ ထိုင်းကွန်ဒိုတွေကို ဝယ်ယူရာမှာ ငွေအပြည့် မထုတ်ယူရသေးတဲ့ ကြိုပွိုင့်ဝယ်ထားသူတွေနှင့် ဝယ်လက်အသစ်တွေကို အကျိုးသက်ရောက်မှုရှိလိမ့်မယ်”လို့ မစ္စတာဒီအင်န်အေအိမ်ခြံမြေကုမ္ပဏီအကြံပေး နှင့် မန်နေးဂျင်းဒါရိုက်တာ ဆူရာချက် ကွန်ချိက ပြောပါတယ်။
အဲဒီလိုဝယ်ထားသူတွေဟာ ပိုက်ဆံပြန်ထုတ်ဖို့ အခြားနည်းလမ်း သို့မဟုတ် လမ်းကြောင်းရှာထားဖို့လိုတယ်။ဒီလိုမလုပ် နိုင်ရင် ပြန်ညှိနှိုင်းရတာတွေနှင့် လိုအပ်ရင် ဖျက်သိမ်းရတာတွေအထိရှိလာနိုင်တယ်” လို့ မစ္စတာ ဆူရာချက်က ဆက်ပြောပါတယ်။
Source BKK Post
၈ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်လာမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဇွန်၈ရက်နံနက်က ကျင်းပတဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ဖွင့်ပွဲတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးတက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် အဆိုပါ ဒေသတွေ လူမှုစီးပွားတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ယင်းအပြင်သန်လျင်တံတားအမှတ်(၁)တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ် သည့်အပြင် နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့ အထိ ဆက်စပ် သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာ မက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုဖွင့်လှစ်လိုက်တဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင် ၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိ နှိင်းချက်များအရပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမယ့်ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံ
တော်မှကျပ်(၄၆) ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။
တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ပါတယ်။ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိပါတယ်။ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ပါတယ်။
တံတားသည် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Boxအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်းသိရှိရပါတယ်။
@ymg/knl
၇ ဇွန် ၂၀၂၄
မြန်မာငွေတန်ဖိုး ကျဆင်းစေရေးအတွက် မည်သို့မျှမဖြစ်နိုင်သည့် ရွှေနှင့်ငွေကြေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်း ပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန်ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခဲ့ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ယနေ့ ဇွန်လ(၇) ရက်က နေပြည်တော်မှာကျင်းပတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄) တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီဝင်များကို ပြောကြားရာမှာ အဆိုပါအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲအဆမတန် ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့်ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှင့်ငွေကြေးဈေးများသည့်ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့် ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိလာခဲ့ပြီလို့လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားကြောင်း နစကရဲ့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး ကမောက်ကမဖြစ်အောင်ဆောင်ရွက်ခြင်းများကိုမိမိတို့အနေဖြင့်ကြုံတွေ့ခဲ့ရပြီးထိုသို့သောအခက်အခဲအကြပ် အတည်းများကြားမှနိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိပြန်လည်ဦးမော့လာအောင်ဆောင်ရွက်နိုင်ခဲ့တယ် လို့ လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ထင်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး နိုင်ငံ့စီးပွားရေးကျဆင်းစေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်လို့ ငွေဈေး တည်ငြိမ်ရန်အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ရက်များမှာ ရွှေဈေး၊ဒေါ်လာဈေးများ ထူးခြားစွာမြင့်တက်ခဲ့ခြင်းနှင့်ဆက်စပ်၍ ရွှေလုပ်ငန်းရှင်အချို့၊ ရွှေကုန်သည်အချို့၊ ငွေကြေးကစားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ရောင်းချသူနှင့်ဝယ်ယူသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယင်းတို့အထဲတွင် အချို့မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ချက်များမှာဖော်ပြခဲ့ပါတယ်။
@ymg/knl
၇ ဇွန် ၂၀၂၄
အိန္ဒိယရဲ့ နာရင်ဒရာမိုဒီကို ယနေ့ ဇွန်လ ၇ရက်နေ့ သောကြာနေ့မှာ သူ့ရဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် ( အင်န်ဒီအေ)ရဲ့ အမတ်တွေက ဝန်ကြီးချုပ်အဖြစ် တရားဝင်တင်မြှောက်လိုက်ကြတဲ့အတွက် သူဟာ တတိယသက်တမ်းဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်သွားပါတယ်။ ယခုဆိုကမ္ဘာ့ လူဦးရေအထူထပ်ဆုံးအိန္ဒိယ နိုင်ငံဟာ ညွန့်ပေါင်းအုပ်ချုပ်တဲ့အစိုးရတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားရတာလည်းဖြစ်ပါတယ်။
မိုဒီဟာ ဒီနေ့နှောင်းပိုင်းမှာ သမ္မတ ဒရိုပါဒီမာမူးနှင့်တွေ့ဆုံပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းဖို့တင်ပြဖို့ရှိတယ်လို့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။ သူဟာ တနင်္ဂနွေညနေခင်းမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ရှိမယ်လို့လည်း သူက ပြောပါတယ်။
မိုဒီရဲ့ ဘီဂျေပီပါတီဟာ အစိုးရဖွဲ့ဖို့ ဒေသဆိုင်ရာပါတီတွေနှင့် ထောက်ခံချက်ရယူရတာ ဆယ်စုနှစ်တစ်စု အတွင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူ့ပါတီဟာ အစိုးရဖွဲ့ဖို့ အမတ်နေရာ ၂၇၂ နေရာ လိုအပ်ခဲ့တာ ပါ။
အင်န်ဒီအေဟာ လော့ခ်ဆာဘာလို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာထဲမှာ ၂၉၃နေရာ နိုင်ခဲ့ပါတယ်။ ရာဟူးဂန္ဒီရဲ့ စင်ထရစ်ကွန်ဂရက် ပါတီက နေရာ၂၃၀ကျော်နိုင်ခဲ့ပြီး ခန့်မှန်းထာထက် ပိုနိုင်ခဲ့ တာဖြစ်ပါတယ်။
ဘီဂျေပီနှင့် တီဒီပီနှင့် ဂျန်နာတာဒါ(ယူနိုက်တက်)ပါတီတွေပါဝင်တဲ့ ယင်းရဲ့မဟာမိတ်တွေက မိုဒီကို ခေါင်းဆောင်အဖြစ် ကန့်ကွက်သူမရှိဘဲ တစ်ခဲနက်မဲပေးခဲ့ကြတာပါ။
မိုဒီရဲ့အမည်ကို ရာထူးစွန့်လွှတ်တော့မယ့် ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက တင်သွင်းခဲ့ပြီး တာဝန်ပြီးဆုံး တော့မယ့် ဝန်ကြီးတွေနှင့် မဟာမိတ်ပါတီခေါင်းဆောင်တွေက ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
အမတ်အသစ်တွေနှင့် မဟာမိတ်အဖွဲ့တွေရဲ့ ဝါရင့်ခေါင်းဆောင်တွေက မိုဒီကို တစ်ခဲနက်ထောက်ခံကြပြီး မိုဒီ မိုဒီလို့ ပါလီမန်အဆောက်အဦဟောင်းရဲ့ ဗဟိုခန်းမအတွင်း ဟစ်ကြွေးခဲ့ကြပါတယ်။ ဘီဂျေပီက နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ပြည်ထဲရေးနှင့်ဘဏ္ဍာရေး အဓိကဝန်ကြီးဌာနလေးခုကိုရယူဖို့ရှိနိုင်ပြီး မဟာမိတ်တွေက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ မျက်စေ့ကျနေကြပါတယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းရေးသားကြပါ တယ်။
Source Reuters
၇ ဇွန် ၂၀၂၄
ကင်မရွန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် ဇွန်လ ၆ ရက်နေ့က တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။
ယန်းဟာ ၇၈ကြိမ်မြောက်ညီလာခံရဲ့သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ထရင်နီဒက်နှင့်တိုဘာဂိုနိုင်ငံမှ ဒင်းနစ်ဖရန်စစ် ထံကနေ စက်တင်ဘာ၁၀ရက်နေ့ ညီလာခံဖွင့်တဲ့အခါ တာဝန်လွှဲယူမှာဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းကို ဗဟုဝါဒတိုးမြှင့်ကြဖို့ ရွေးကောက်တင်မြှောက်ခံရတဲ့ သဘာပတိအသစ်က တိုက်တွန်း ပြောကြားပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့အခြေခံမူတွေနှင့် ပဋိညာဉ်အုတ်မြစ်ကိုလည်း သူကအလေးပေးပြောပါတယ်။
ယန်းဟာ ၁၉၄၇ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး ၂၀၀၉ မှ ၂၀၁၉အထိ ကင်မရွန်ဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်မှစကာ သမ္မတရဲ့ အမျိုးသားဂုဏ်ထူးဆောင်ဆု အဓိပတိကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ကင်မရွန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရတဲ့ အာဖရိကနိုင်ငံတွေထဲမှာ ၁၃နိုင်ငံမြောက် ဖြစ်ပါတယ်။ ၂၀၁၄မှာ ယူဂန်ဒါနှင့် ၂၀၁၉ မှာ နိုင်ဂျီးရီးယားတို့ အရွေးခံခဲ့ရပါတယ်။
Source Xinhua
၅ ဇွန် ၂၀၂၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တွေးသိနိုင်စွမ်း ဆုတ်ယုတ်ကျဆင်းလာမှုနှင့်ပတ်သက်ပြီး အင်္ဂါနေ့က ထုတ် ဝေတဲ့ ဝေါစထရိ ဂျာနယ်မှာ အသေးစိတ်ဖော်ပြထားခြင်းကြောင့် အချို့ကို တုန်လှုပ်သွားစေပါတယ်။
ဝေါစထရိဂျာနယ်က အသက် ၈၁နှစ်အရွယ်ရှိသမ္မတဘိုင်ဒင်ကို ပြီးခဲ့တဲ့လများအတွင်းပြောဆိုဆက်ဆံခဲ့ကြ တဲ့ ရီပတ်ဗလီကင်နှင့်ဒီမိုကရက်အမတ်၄၅ဦးနီးပါးမျှကို တွေ့ဆုံမေးမြန်းပြီး သတင်းရေးသားခဲ့တာ ဖြစ်ပါ တယ်။ အဲဒီသူတွေက ဘိုင်ဒင်ဟာ တွေးသိနိုင်စွမ်းသိသိသာသာကျဆင်းလာနေတာကို သတိပြုမိခဲ့ကြ တယ်လို့ ပြောပါတယ်။
အစည်းအဝေးတွေမှာ သမ္မတနှင့်ပြောဆိုခဲ့ကြတဲ့ သမ္မတရဲ့လုပ်ဖော်ကိုင်ဖက်တွေနှင့်အမတ်တွေက သမ္မတ ဘိုင်ဒင်ဟာ စကားပြောတာ အတော်တိုးသွားပြီး ဘာပြောနေတယ်ဆိုတာကိုနားလည်ဖို့ အတော်ခက်ခဲလာ တယ်လို့ ပြောကြပါတယ်။
သမ္မတအနေနှင့် မူဝါဒအသေးစိတ်တွေကို မိမိရရရှိမှုနှင့် ပြုမူပုံတွေဟာ တစ်နေ့နှင့်တစ်နေ့မတူတော့ဘူးလို့ ပြောကြပါတယ်။ သူဟာ ကွန်ဖရင့်တွေအတွင် မှတ်စုတွေကို အတော်အားထားပြောလာရပြီး သူ့လက် ထောက်တွေဆီက အကူအညီပြန်ယူနေရတယ်လို့ အခြားသူတွေကလည်း ဝေါစထရိကို ပြောပြကြပါတယ်။
အစည်းအဝေးတစ်ခုတက်ခဲ့ရတဲ့ အခြားသူတွေက “ဘိုင်ဒင်ဟာ အစည်းအဝေးခန်းမထဲရောက်လာပြီး အစည်း အဝေးစတင်ဖို့ ဘိုင်ဒင်ဟာ အချိန်၁၀မိနစ်ယူနေရတယ်” လို့ပြန်ပြောပါတယ်။သူဟာ လူတွေသဘောတူထား ပြီး ဖြစ်တဲ့ သိထားပြီးသားအချက်အလက်တွေကို ပြောဖို့ မှတ်စုကတ်ပြားတွေ သုံးနေရတယ်လို့ဆိုပါတယ်။
အခန်းထဲမှာရှိသူတွေဟာ အစည်းအဝေးမှာ သူဘာတွေပြောနေတယ်ဆိုတာကို သဲသဲကွဲကွဲမကြားရဘူးလို့ လည်း သူတို့ကထပ်ဖြည့်ပြောပါတယ်။
“ ပြောကြဆိုကြတာ တော်တော်များများမှာ သူမပါဘူး။ သူတိုက်ရိုက်ဖြေရမယ့်မေးခွန်းတွေကိုတောင် သူက သူ့ဝန်ထမ်းတွေကိုဖြေခိုင်းတယ်”
တစ်ခါတုန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဗလီကင်အမတ်မိုက် ဂျွန်ဆင်က သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုမူဝါဒဟာ ရုရှားကို အကျိုးရှိသွားစေမှာကိုစိတ်ပူမိလို့ မေးမိတဲ့အခါ သမ္မတကြည့်ရတာ မူဝါဒကို သိပ် သတိထားမိပုံမပေါ်ဘူးလို့ မိုက်ဂျွန်ဆင်ကပြောပါတယ်။ သူက “မူဝါဒ”ကိုလေ့လာနေတုန်းပါလို့ပြန်ဖြေခဲ့ ပါ တယ်။ တကယ်တမ်းတော့အဲဒီမူဝါဒက ကျင့်သုံးအသက်ဝင်ပြီးသားဖြစ်နေတာလို့ မိုက်ဂျွန်ဆင်က ဆက် ပြောပါတယ်။
ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့မေလက အကြွေးကန့်သတ်ချက်တိုးပေးဖို့ အပေးအယူလုပ်နေတဲ့ ဆွေးနွေးမှုတစ်ခုမှာ တောင်စဉ်ရေမရတွေပြောတာ ဗလုံးဗထွေးတွေဖြစ်နေတာတွေနှင့် အစည်းအဝေးကို ဦးဆောင်မှုမပေးနိုင် ဖြစ်ခဲ့တယ်လို့ ယခင်အောက်လွှတ်တော်ဥက္ကဋ္ဌ ကေဗင် မက်ကာသီက ပြောပါတယ်။
သူ့ဆီမှာ အမြဲမှတ်စုကတ်ပြားတွေဆောင်ထားရတယ်လို့ မက်ကာသီက အမေရိကန်သမ္မတရဲ့ မှတ်စုကို အားကိုးအားထားလုပ်နေရပုံကို ထောက်ပြပြောဆိုပါတယ်။
“သူဟာ အခြားနည်းလမ်းတစ်ခုနှင့် စေ့စပ်ညှိနှိုင်းမှုမလုပ်နိုင်ဘူး။ သူ ဒုသမ္မတဖြစ်တုန်းက ကျွန်တော် သူနှင့်တွေ့နေကျဖြစ်တယ်။ ယခုဘိုင်ဒင်က အဲဒီတုန်းကဘိုင်ဒင်နှင့် မတူတော့ဘူး”လို့သူက ဆက်ပြောပါ တယ်။
ဘိုင်ဒင်ဆီကနေ အကြွေးကန့်သတ်ချက်အစီအစဉ်အသေးစိတ်ယူလာပေးဖို့ အမတ်တွေကို သူ တာဝန်ပေးခဲ့ တယ်လို့ မက်ကာသီကပြောပါတယ်။
ဘိုင်ဒင်နှင့်စကားပြောရတာ စိတ်ပျက်စရာပဲ လို့ သူကပြောပါတယ်။ သမ္မတဟာ လုပ်ကိုင်ရတဲ့အပေါ် အကောင်းမြင်တယ်ဆိုတာ တစ်ခုတည်းပဲပြောတယ်လို့ မက်ကာသီကဆိုပါတယ်။
သူက ဟိုတော်တော်ကြာကြာတုန်းက ဖြစ်ပြီးသားကိစ္စဟောင်းတွေကို ပြန်သွားနေတာ” လို့ မက်ကာသီက ဝေါစထရိဂျာနယ်ကိုပြောဆိုခဲ့ပါတယ်။
Source WSJ/WION
၂ ဇွန် ၂၀၂၄
ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိတဲ့ တရားမဝင်ရွှေပွဲစားများ အပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးထားပြီး နာမည်ကြီးရွှေဆိုင်အချို့နှင့် ရွှေသန့်စင်လုပ်ငန်းအချိုမှ တာဝန်ရှိသူ ၁၀ ဦးသည် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှသတင်းထုတ်ပြန်ပါတယ်၊
ထွက်ပြေးတိမ်းရှောင်နေသူတွေက စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူ ဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်း ဝင်း၊ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ ပွဲစားတွေဖြစ်ကြတဲ့ ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး(ခ)ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်တို့ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တရားခံ ၁၀ ဦးကို ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိတာလို့သိရပါတယ်။
အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုသူတွေဟာ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်သည့် လေပတ်ကား ရွှေဈေးနှုန်းများ ကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
@ymg/knl
Page 40 of 221