#LocalNews
Published - 1 March 2022
ပြည်ပနိုင်ငံတွေမှာ IT အင်ဂျင်နီယာဖြင့် အလုပ်လုပ်ချင်သူတွေအတွက် ITPEC အသိအမှတ်ပြု စာမေးပွဲတွေကို ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ထုတ်ပြန်ထားပါတယ်။
ITPEC အသိအမှတ်ပြုတဲ့ FE သိုမဟုတ် AP စာမေးပွဲ အောင်မြင်ထားပါက တက္ကသိုလ်က ဘွဲ့ရစရာမလိုဘဲ ဂျပန်နိုင်ငံအပါအဝင် ITPEC အာဆီယံအဖွဲ့ ဝင်နိုင်ငံ ၇ နိုင်ငံမှာ IT ဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး IT Passport ( Information Technology Passport Examination)စာမေးပွဲဟာ IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ချင်သူတွေကို ရည်ရွယ်ပြီး စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။
FE ( Fundamental Information Technology Engineer Examination)ဟာ IT ဆိုင်ရာဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူတွေ Programmer Program Design ရေးဆွဲလိုသူတွေနဲ့ Software Development လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေအတွက် ရည်ရွယ်တဲ့ စာမေးပွဲဖြစ်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာ IT Passport ကို ဝင်ကြေး ၂၀၀၀၀ ကျပ်နဲ့ FE ကို ၃၀၀၀၀ ကျပ် ဝင်ကြေးပေးဆောင်ပြီး မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
စာမေးပွဲတွေကို ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ စစ်ဆေးမှာ ဖြစ်ပြီး ဖြေဆိုမယ့် လူဦးရေကို အများဆုံး ၅၀၀ ဦးအထိသာ လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက FE စာမေးပွဲဝင်ရောက်ဖြေဆိုမယ့် စာမေးပွဲအထောက်အကူပြုသင်တန်းကို မတ်လ ၁၂ ရက်ကစတင်ပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၉ နာရီကနေ ညနေ ၅နာရီခွဲအထိ သင်တန်ကြေး ၃၀၀၀၀ ကျပ်နဲ့ သင်တန်းတတ်ရောက်နိုင်ကြောင်း သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 1 March 2022
ကချင်ပြည်နယ် ဖားကန့်မြို့ မမုံရွာ နှင့် မနရွာကြား ၁၁၁ YTT လုပ်ကွက်တွင် မြေစာပုံပြိုကျမှု ဖေဖော်ဝါရီလ ၂၈ ရက် ည ပိုင်းက ဖြစ်ပွားခဲ့ရာ လူ ဦးရေ ၅၀ ခန့် နှင့် စက်ယန္တရား ၅၀ ခန့် ပါသွားကြောင်း သိရသည်။
"လောလောဆယ်ဝင်လို့မရသေးဘူး။အန္တရာယ်နည်းနည်းများလို့ပါ၊ဖြစ်တာက ညက ၁၁ နာရီလောက်ကပေါ့၊အကြောင်းကြားတာကတော့ ဘက်ဟိုး ၅၀ လူ ၅၀ လောက်ပါတယ်ပြောတယ်၊မမုံရွာနဲ့ မနရွာကြားထဲက ၁၁၁ YTT လုပ်ကွက်ကမြေစာပုံပြိုကျတာပါ၊လူတော့ ထိခိုက်မှု ရှိမယ်"ဟု ဒေသခံ ပရဟိတ လုပ်ငန်းလုပ်နေသူ တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ခန့်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းလုပ်ကွက်အတွင်း မနကျေးရွာအနီး လုပ်ကွက်ဟောင်းတစ်ခု၌ နွံကန်ပေါက်ကျခဲ့သဖြင့် လူနေအိမ် သုံးလုံးနှင့် ဆိုင်ကယ်စီး ရေ ၂၀ ခန့် မျောပါသွားခဲ့ကြောင်းမျောပါသွားခဲ့သည့်အထဲမှ ဆိုင်ကယ်အချို့ ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း ဖားကန့်ရှိ မနမှော် လုပ်ကွက်ဟောင်းအတွင်းမှ နွံ ကန်ပေါက်ပြီး မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ ၂ ဦးသေဆုံးပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးသည်။
YMG/MT
Yangon_Media_Group
Page 2222 of 2271