Published 12 July 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆို လပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
မဟာမင်္ဂလာ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနဿရ၊ တိပိဋက ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြု သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
အဆိုပါ အခမ်းအနားသို့ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin(အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့အစည်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓ အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်း များ၊ သံရုံးများမှ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြခဲ့ကြပါတယ်။
အခမ်းအနားတွင် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြပါတယ်။
အဲဒီနောက် နစကဥက္ကဋ္ဌ နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များအား သီတဂူဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြပါတယ်။
ယင်းနောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်၍ ပရိတ် နံ့သာရည် များ ပက်ဖျန်းကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော် အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ရွှေစည်းခုံပုံတူစေတီတော်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး သီတဂူ ဆရာတော်ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် ဝမ်းမြောက် ဩဝါဒ စကားမြွက်ကြားခဲ့ပါတယ်။
ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်း ရှည်ကြာ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံလိုပါကြောင်းဖြင့် လျှောက်ထားတင်ပြပါတယ်။
ယင်းနောက် လားမားဘုန်းတော်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့က ဝမ်းမြောက်စကားများ အသီးသီးပြောကြားခဲ့ကြကြောင်းသိရှိရပါတယ်။
#Russia_Myanmar_Ties
#Myanmar_Buddhism_Russia
Published 12 July 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အလုပ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ အကြီးအကဲများနှင့်အတူ ရုရှား တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/mnn
#Yango_Media_Group
Published 12 July 2022
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယနေ့လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဟာ အဲဒီ စာချွန်လွှာလက်မှတ်ရေးထိုးရာသို့ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းများကဆိုပါတယ်။
နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations သို့ သွားရောက်ခဲ့ကာ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အလက်စီ လီခါချော့ဖ်) ဦးဆောင်တဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနှင့် ရုရှား နှစ်နိုင်ငံအကြားမှာ နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေမှာ နှစ်နိုင်ငံပြည်သူလူထု အကျိုး ရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံ နစက၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations မှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထို့အပြင် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်၍ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr.Dmitry Rogozin (ဒီမီတရီ ရာဂိုဇင်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်းကောင်း တစ်ဖွဲ့ချင်းစီအလိုက် သီးခြားစီ တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် နစက ဥက္ကဋ္ဌနှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ၊ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူး ချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#LocalNews
Published _ 12 July 2022
အိမ်နီးချင်းနိုင်ငံတွေမှာ ပြန်ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပြည်တွင်းမှာ ပြန်လည်မတွေ့ရှိဖို့အရေးကြီးတဲ့အတွက် ကာကွယ်ရေးလုပ်ငန်းစဉ်တွေထဲမှာပါတဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးတာကို ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင်ပြုလုပ်ကြဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 12 July 2022
နိုင်ငံတော်ဓာတ်အားလိုင်းနှင့် သုံးမိုင်မှငါးမိုင်အတွင်း ကျေးရွာများ လျှပ်စစ်မီးလျှောက်ထားနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
မူလက ကျေးရွာပေါင်း ၉၆ ရွာတွင် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ် ကြောင်း ၊ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးအသုံးပြုနိုင်ရေး အတွက် ၂၀၁၅-၂၀၃၀ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကြောင့် နိုင်ငံတော်ဓာတ်အားလိုင်းနှင့် သုံးမိုင်မှ ငါးမိုင်အတွင်းရှိ ကျေးရွာများကို Phase-2 အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၄၇၀၀ အထိ လျှပ်စစ်မီးရရှိရေး လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းနောက်စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၃ ရွာ ၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသတွင် ၃၆ ရွာ၊ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းဒေသ၌ ၄၃ ရွာ၊ မကွေးတိုင်းတွင် ၁၀ ရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ သုံးရွာ၊ ဧရာဝတီတိုင်းတွင် ၈၄ ရွာတို့တွင်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#LocalNews
Published_12 July 2022
တိုင်းဒေသကြီး၊ပြည်နယ်အချို့တို့တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုရောင်းသော စက်သုံးဆီဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ အရောင်းဆိုင်အဆင့်လိုက် ဒဏ်ကြေးသတ်မှတ်အရေးယူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
စက်သုံးဆီဆိုင်များအနေဖြင့် နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိကိုလည်း တိုင်းဒေသကြီးပြည်နယ်အလိုက် သက်ဆိုင်ရာ ဌာနများ၊ပူးပေါင်းအဖွဲ့များက မကြာခဏ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေကြောင်းနှင့် စက်သုံးဆီဝယ်ယူသူများအနေဖြင့်လည်း မကျေနပ်မှုများရှိပါက သတင်းပေးနိုင်ကြောင်းလည်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် စင်ကာပူနိုင်ငံ၏ နေ့စဉ် MOPS Price အပေါ်အခြေခံ၍ သယ်ယူစရိတ်နှင့် ပရီမီယံအာမခံကြေးများ၊အခွန်အခများ၊လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ စသည်တို့အပေါ် သင့်တင့်သည့်အမြတ်ရာခိုင်နှုန်းထပ်ပေါင်းကာ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများသတ်မှတ်ရောင်းချပေးကြောင်း သိရသည်။
ယင်းရည်ညွှန်းဈေးနှုန်းများကို ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့တော်များ၊မြို့များအတွက် သင့်တင့်မျှတသည့် သယ်ယူပို့ဆောင်ခစရိတ်များ ထပ်ဆောင်းတွက်ချက် ထုတ်ပြန်ပေးသွားရန်လည်းရှိနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 July 2022
မြန်မာ့ခရီးသွားဘဏ်အနေနဲ့ ဘဏ်အသိုင်းအဝိုင်းမှာ နောက်ကျမှဖွင့်ခဲ့တဲ့ ဘဏ်ဖြစ်ပေမဲ့လည်း ချေးငွေလျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် ပြည့်စုံတယ်ဆိုရင် အမြန်ဆုံး ထုတ်ချေးပေးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1791 of 2111