၂၆မေ၊၂၀၂၆ — လာမယ့်လထဲမှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံသမ္မတဦး မင်းအောင်လှိုင်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဘီဟာပြည်နယ်က ဗုဒ္ဓဂါယာကို အဓိကနေရာတစ်ခုအနေနဲ့ သွားရောက်ဖူမြော်လေ့လာဖို့ ရှိကြောင်း အိန္ဒိယအခြေစိုက် မီဒီယာအချို့ကရေးသားကြပါတယ်။
ဗုဒ္ဓဂါယာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရား ဗောဓိပင်အောက်မှာ ဘုရားအဖြစ် သစ္စာလေးပါး သိမြင်ကာ ပွင့်တော်မူခဲ့တဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။ နယူးဒေလီမြို့မှာ ပြုလုပ်မယ့် အဆင့်မြင့်ဆွေးနွေးပွဲတွေ ပါဝင်မယ့် ဒီခရီးစဉ်ဟာ သမ္မတဦးမင်းအောင်လှိုင်အနေနဲ့ ယခုနှစ် အစောပိုင်း မှာ သမ္မတတာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်မယ့် ပြည်ပခရီးစဉ်လည်း ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မဟာဗောဓိစေတီတော် တည်ရှိရာ ဗုဒ္ဓဂါယာဟာ ကမ္ဘာတစ်ဝန်းက ဗုဒ္ဓဘာသာခေါင်းဆောင်တွေကို အမြဲဆွဲဆောင်နေတဲ့ သာသနာရေးဆိုင်ရာ ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာကို လာရောက်လည်ပတ်ခြင်းဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားဖူးခရီးစဉ်အပြင် သံတမန်ရေးအရပါ သိမ်မွေ့နက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိနေပြီး ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တဲ့ နိုင်ငံတွေ ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင် အများအပြားရှိတဲ့ နိုင်ငံတွေအနေနဲ့ ဗုဒ္ဓဘာသာ စတင်ရာမြေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ယဉ်ကျေးမှုအရ ရင်းနှီးကျွမ်းဝင်မှုကို ပြသရာလည်း ရောက်တယ် လို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ် (မေလအစောပိုင်း)က ဗီယက်နမ်သမ္မတ တိုလမ်ဟာ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ဗုဒ္ဓဂါယာမှာ သုံးရက်ကြာ နေထိုင်ပြီး စတင်ခဲ့ပါသေးတယ်။ သူဟာ မဟာဗောဓိစေတီတော်မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့သလို ဗီယက်နမ်ဘုန်းတော်ကြီးကျောင်းကိုလည်း သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား သမိုင်းကြောင်းနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင် ခဲ့ပါတယ်။
ဒီလိုမျိုး ဘုရားဖူးခရီးစဉ်တွေကို အိန္ဒိယရဲ့ သံတမန်ရေးရာ နည်းဗျူဟာတစ်ခုအနေနဲ့ အသုံးချလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ဦးမင်းအောင်လှိုင်(ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး) ဟာ အိန္ဒိယခရီးစဉ်ကို ဗုဒ္ဓဂါယာမှာ အချိန်ယူတည်းခိုပြီး စတင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ကို အိန္ဒိယ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဘီပင်ရာဝတ်ကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ပါတယ်။ ဒီလိုကြိုဆိုမှုဟာ အိန္ဒိယရဲ့ 'အရှေ့မျှော်ဝါဒ' (Act East Policy) အရ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်ပြီး နွေးနွေးထွေးထွေး ကြိုဆိုခဲ့တာလို့ လူအများက ရှုမြင်ခဲ့ကြပါတယ်။
အခြားခေါင်းဆောင်တွေလည်း ဒီလိုပဲ လာရောက်ခဲ့ကြပါသေးတယ်။ ဂျပန်ဝန်ကြီးချုပ်တွေ၊ မွန်ဂိုလီး ယားသမ္မတတွေအပြင် ထိုင်း၊ သီရိလင်္ကာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ထိပ်သီးခေါင်းဆောင်တွေလည်း ဗုဒ္ဓဂါယာကို လာရောက်ခဲ့ကြပါတယ်။ ဒီလိုခရီးစဉ်တွေဟာ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေနဲ့လည်း တိုက်ဆိုင်လေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ဗုဒ္ဓဂါယာ၊ ဆာရ်နတ် (မိဂဒါဝုန်) နဲ့ ကုသိနာရုံတို့ ပါဝင်တဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နယ်မြေတွေကို အခြေခံအဆောက်အအုံ မြှင့်တင်တာ၊ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်တာနဲ့ ကမ္ဘာလုံးဆိုင်ရာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်း အနားတွေ ကျင်းပတာမျိုးတွေကတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်လျက် ရှိကြောင်းလည်းအဆိုပါသတင်းမှာဖော်ပြထားပါတယ