မေ ၂၄ ၊၂၀၂၆-နေပြည်တော် — မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် စီမံကိန်းအချို့ နှောင့်ယှက်ဟန့်တားခံရမှု၊ အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုနှင့် သုံးစွဲမှုနှုန်း နှစ်စဉ် မြင့်တက်လာမှုတို့ကြောင့် လက်ရှိတွင် ပြည်သူလူထု လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့ကအသိပေးထုတ်ပြန်ထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်၍ ကြိုးပမ်းခဲ့သည့် စီမံကိန်းအချို့မှာ အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှုများနှင့် ပယောဂများကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ လျှပ်စစ်သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာနေသဖြင့် လက်ရှိထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု ဝန်နှင့်အားမမျှဘဲ ရုန်းကန်နေရသည့် အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နည်းပညာဆိုင်ရာ သဘာဝအရ လျော့နည်းမှုများလည်း ရှိနေပြီး၊ ထုတ်လုပ်လိုက်သည့် လျှပ်စစ်ဓာတ်အား၏ ၃.၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရကာ၊ ရှည်လျားသော မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးမှုမှာ ၄.၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ထို့ကြောင့် ပြည်သူများထံ ရောက်ရှိချိန်တွင် စုစုပေါင်း ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။

electricty7

လက်ရှိတွင် အချို့သော ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများမှာ တိုက်ခိုက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ ယင်းကြောင့် ကျန်ရှိသည့် လိုင်းများနှင့် ခွဲရုံများက ဝန်ပို (Overload) ထမ်းဆောင်နေရသဖြင့် အမျိုးသားဓာတ်အားစနစ် ကွန်ယက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာဖြင့် လည်ပတ်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ ဖျက်ဆီးခံရသည့် အခြေခံအဆောက်အအုံများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများက တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်ဖြင့် သွားရောက်ပြင်ဆင်ရာတွင်လည်း လမ်းခရီး၌ မိုင်းထောင်ခြင်း၊ ပြင်ဆင်နေစဉ် လာရောက်တိုက်ခိုက်ခြင်းနှင့် ပြန်လမ်းတွင် မိုင်းထောင်ခြင်းတို့ကြောင့် ဝန်ထမ်းအချို့ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်းနှင့် ဒဏ်ရာရခြင်းများ ကြုံတွေ့နေရကြောင်း ဆိုသည်။

သို့သော်လည်း ဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများကို ဖြေရှင်းဆောင်ရွက်နေပြီး၊ ရေလှောင်တမံများ၏ သိုလှောင်ရေအမှတ် အနိမ့်ဆုံး ရောက်ရှိနေသည့် ယခုလို အချိန်ကာလအတွင်း၌ပင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း ဖြန့်ကျက်တည်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင် အခြေခံအဆောက်အအုံများကို ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးရန်နှင့် ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် အသိပေးချက်များကို ဖတ်ရှုလိုက်နာကာ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 

 electricity02

 electricity01electricity3