#Local_News
၁၅ အောက်တိုဘာ၊၂၀၂၆(ရန်ကုန်)

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါမီးရထားဘူတာ၊ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း(MITT)နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကုန်စည်များကိုလျင်မြန်ချောမွေ့၍ ကုန်ကျစရိတ်သက်သာစွာ သယ်ယူဖြန့်ဖြူးနိုင်ရေးအတွက် ရထားလမ်း၊ ကားလမ်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ချိတ်ဆက်အဆင့်မြှင့်တင်ရန် မှာကြားခဲ့သည်။

■ သီလဝါမီးရထားဘူတာ၌ နိုင်ငံတော်သမ္မတက သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တို့မှ ကုန်ပစ္စည်းများ သယ်ယူဖြန့်ဖြူးမှု ပိုမိုအဆင်ပြေစေရန် တိုးကြောင်ကလေး–သီလဝါရထားလမ်းပိုင်းကို ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်စေခြင်းဖြစ်ကြောင်းပြောကြားသည်။

■ လျာထားလမ်းကြောင်းတစ်လျှောက် မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ လမ်းကွေ့၊ ဆင်ခြေလျှောနှင့် တံတားနေရာများကို စနစ်တကျတွက်ချက်ရန်၊ သီလဝါဘူတာမှ ဆိပ်ကမ်းဝန်းအတွင်းအထိ ရထားလမ်းတိုးချဲ့ဖောက်လုပ်ရန်နှင့် မြေနေရာရှင်းလင်းခြင်း၊ မြေကြီးလုပ်ငန်း၊ တံတားလုပ်ငန်းနှင့် ကျောက်ထုတ်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

■ အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက်လည်း ယခုကတည်းက ထည့်သွင်းတွက်ချက်လျာထားရန် မှာကြားခဲ့သည်။

■ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း၌ နိုင်ငံတော်သမ္မတက ကွန်တိန်နာသင်္ဘောများ ဆိုက်ကပ်မှုများပြားလာချိန်တွင် ကုန်သေတ္တာများကို မော်တော်ယာဉ်များအပြင် မီးရထားများဖြင့်ပါ လျင်မြန်စွာပို့ဆောင်နိုင်ရေးဆောင်ရွက်ရန်ပြောကြားသည်။

■ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်ယာဉ်များ လွယ်ကူမြန်ဆန်စွာ ဝင်ထွက်နိုင်ရန် လမ်းများတိုးချဲ့ခြင်းနှင့် တံတားများအဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်စေခဲ့ကြောင်း၊ ပင်လယ်ဝမှ ဝင်ရောက်သည့် ရေလမ်းကြောင်းများ အမြဲကောင်းမွန်စေရန် နှစ်စဉ်ထိန်းသိမ်းပြုပြင်ရန်လိုကြောင်းနှင့် နည်းပညာအသုံးပြုသည့် ဆိပ်ကမ်းစနစ် ဖော်ဆောင်နိုင်ပါက အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ နိုင်ငံတော်သမ္မတက ပုသိမ်၊ ရန်ကုန်၊ ထားဝယ်တို့ရှိ ဆိပ်ကမ်းများသည် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံ၏ အဓိကဆိပ်ကမ်းများဖြစ်လာမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းအား နိုင်ငံတကာအတွက် ကုန်ပစ္စည်းများ နိုင်ငံဖြတ်သန်းပို့ဆောင်ရေး (Transit) လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့ရှိ ဆိပ်ကမ်းများသည် မိမိတို့ပြည်တွင်းကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများ အဆင်ပြေစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားသည်။

■ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်၍ အာဆီယံတောင်ပိုင်းကုန်းတွင်းလမ်း တည်ဆောက်ရေးကို အချို့နိုင်ငံများက စိတ်ပါဝင်စားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

■ ကော့သောင်းဒေသတွင် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပမ္မဝတီဆိပ်ကမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်စေခဲ့ပြီး ပုသိမ်မြစ်တစ်လျှောက်မှ ဝင်ရောက်လာသည့် တန်ချိန်နှစ်သောင်းမှ သုံးသောင်းအထိ တင်ဆောင်နိုင်သော သင်္ဘောကြီးများဆိုက်ကပ်နိုင်ကြောင်းပြောကြားသည်။

■ ယင်းဆိပ်ကမ်းမှတစ်ဆင့် ဒေသထွက်ဆန်နှင့် ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်သကဲ့သို့ ဒေသအတွက်လိုအပ်သည့် ကုန်ပစ္စည်းများကိုလည်း ရေကြောင်းမှ သယ်ယူဖြည့်ဆည်းနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

■ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆိပ်ကမ်းများ၏ ကုန်စည်ကိုင်တွယ်နိုင်စွမ်း၊ အထွေထွေကုန်စည်တံတားများ အဆင့်မြှင့်တင်မည့်အစီအမံများ၊ ကုန်စည်တစ်ဆင့်ပြောင်းတင်ပို့မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု တိုးမြှင့်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

■ ထို့ပြင် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေမှု၊ ကုန်းတွင်းကုန်သေတ္တာစခန်းနှင့် ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းများ တည်ဆောက်ရေး၊ Semi Smart ကုန်သေတ္တာဆိပ်ကမ်း စမ်းသပ်စီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေမှုနှင့် ဆိပ်ကမ်းများတွင် ဒစ်ဂျစ်တယ်နည်းလမ်းများ အသုံးပြုနေမှုတို့ကိုလည်း တင်ပြခဲ့သည်။

■ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း၌ နိုင်ငံတော်သမ္မတက စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြေနေရာကို အကျိုးရှိရှိနှင့် ကျစ်လျစ်စွာ အသုံးချနိုင်ရေး စနစ်တကျတွက်ချက်ရန် မှာကြားသည်။

■ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားသည့် မြေနေရာများကို ခွင့်ပြုလုပ်ငန်းများနှင့်အညီ မှန်ကန်စွာအသုံးချရေး ကြပ်မတ်ရန်လည်း ညွှန်ကြားခဲ့သည်။

■ ပြည်ထောင်စုဝန်ကြီးက ရွာသာကြီးဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်း၊ ကုန်းတွင်းဆိပ်ကမ်းဝန်ဆောင်မှုများနှင့် ရွာသာကြီး–မြစ်ငယ်–ရွာသာကြီး ကုန်သေတ္တာရထားပြေးဆွဲမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဆိပ်ကမ်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

#Yangon_Media_Group #Yangon_Times