#Local_News
အောက်တိုဘာ ၁၅၊၂၀၂၆

■ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု မြှင့်တင်၍ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် တည်ဆောက်ထားသည့် သန်လျင်ရေနံချက်စက်ရုံ အပိုင်း(၁) ကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၌ ဖွင့်လှစ်ခဲ့သည်။

■ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး စက်ရုံ၏ ထုတ်လုပ်မှုစွမ်းရည်၊ ရေရှည်လည်ပတ်နိုင်မှု၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအရ အကျိုးရှိမှုတို့ကို တစ်ပြိုင်တည်း မြှင့်တင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

■ နိုင်ငံတော်သမ္မတက ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ခြင်းသည် သွင်းကုန်အစားထိုးရေးအပြင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် စွမ်းအင်ဖြည့်ဆည်းရေးနှင့် ရေရှည်စီးပွားရေးအကျိုးအမြတ်ရရှိရေးတို့အတွက်ဖြစ်ကြောင်း ပြောကြားသည်။

■ ယင်းရည်မှန်းချက်များ ပြည့်မီရန် ကုန်ကြမ်းဝယ်ယူမှုမှ ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကိုထိရောက်စွာ စီမံခန့်ခွဲပြီး ထုတ်ကုန်များကို အချိန်မီဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။

■ စက်ရုံအတွက် ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာနှင့် စဉ်ဆက်မပြတ်ရရှိရေးကို ဦးစားပေးရန်၊ ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်တွင်းနှင့် ပြည်ပမှရရှိနိုင်သည့် ကုန်ကြမ်းများကို စက်ရုံလိုအပ်ချက်နှင့်အညီ ပေါင်းစပ်စီမံရန်လည်း မှာကြားသည်။

■ ထို့ပြင် စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ပြုပြင်ထိန်းသိမ်းမှု၊ စွမ်းအင်သုံးစွဲမှုနှင့် ထုတ်ကုန်အရည်အသွေးတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်ကာ ရည်မှန်းချက်နှင့် လက်တွေ့ရလဒ် ကွာဟမှုများကိုအချိန်မီပြင်ဆင်ရန် ပြောကြားခဲ့သည်။

■ မြန်မာ့ရေနံလုပ်ငန်းတွင် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး ၁၉၂၅ ခုနှစ်၌ တည်ဆောက်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံသည် စစ်ကာလပျက်စီးမှုများနောက် ပြန်လည်တည်ဆောက်ကာ ၁၉၅၇ ခုနှစ်တွင် ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

■ ယခင်အတွေ့အကြုံများအရ ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်တို့ ဟန်ချက်ညီမှသာ ရေရှည်အောင်မြင်နိုင်သဖြင့် စက်ရုံတည်ဆောက်ရေးနှင့်အတူ ယင်းအချက်များကို တစ်ပြိုင်တည်း စနစ်တကျ စီမံဆောင်ရွက်ရန် အလေးထားမှာကြားခဲ့သည်။

■ စီမံကိန်းဒုတိယအဆင့်အဖြစ် အဆင့်မြင့်စက်သုံးဆီနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် တိုးချဲ့ရေနံချက်စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

■ ယင်းစီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို လက်တွေ့ထုတ်လုပ်နိုင်မည့်ပမာဏ၊ ထုတ်ကုန်အမျိုးအစား၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့် ကုန်ကြမ်းရရှိနိုင်မှုတို့အပေါ် အခြေခံစိစစ်၍ သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

■ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် ပြည်ပစွမ်းအင်နှင့် ကုန်ကြမ်းအပေါ် အလွန်အမင်းမှီခိုမှု လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါင်းစပ်အသုံးပြုခြင်း၊ စွမ်းအင်သိုလှောင်နိုင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ခြင်းတို့ကို ဟန်ချက်ညီစွာဆောင်ရွက်ရန်ပြောကြားသည်။

■ ပြည်တွင်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးကိုလည်း ဦးစားပေးပြီး ဒစ်ဂျစ်တယ်၊ အလိုအလျောက်ထိန်းချုပ်မှုနှင့် ဉာဏ်ရည်တုနည်းပညာများကို စက်ချို့ယွင်းမှု ကြိုတင်ခန့်မှန်းရေး၊ ထုတ်လုပ်မှုစောင့်ကြည့်ရေးနှင့် စွမ်းအင်အကျိုးရှိစွာ အသုံးပြုရေးတို့တွင်အသုံးချရန်မှာကြားခဲ့သည်။

■ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို ထုတ်လုပ်မှုရည်မှန်းချက်အတွက် အလျှော့ပေး၍မရကြောင်းလည်း အလေးထားပြောကြားသည်။

■ စက်ရုံလည်ပတ်မှုအဆင့်တိုင်းတွင် အန္တရာယ်ဖြစ်နိုင်ခြေများ ကြိုတင်စိစစ်ခြင်း၊ မီးဘေးနှင့် အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ခြင်း၊ စက်ပစ္စည်းများ ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းနှင့် ရေဆိုး၊ လေထုညစ်ညမ်းမှု ထိန်းချုပ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေနံချက်လုပ်ရေးနှင့် ရေနံဓာတုဗေဒကဏ္ဍများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်နိုင်မှုနှင့် ရေရှည်အကျိုးရှိမှုကို အဓိကထားရန်လည်းပြောကြားသည်။

■ “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်အတွက် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကို အခြေခံ၍ လုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် ပင်မထိန်းချုပ်ခန်းမှ ကုန်ကြမ်းစတင်ပို့လွှတ်မှုကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စီမံကိန်းတည်ဆောက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားအပြီးတွင် စက်ရုံအပိုင်း(၂) တည်ဆောက်မည့်နေရာနှင့် စွမ်းအင်ပြတိုက်တို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

#Yangon_Media_Group #Yangon_Times