#Local_News
Published 31 July 2026
 
■ ပြင်သစ်နိုင်ငံတွင်ဇူလိုင် ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသည့် Esports ကမ္ဘာ့ဖလား (Esports World Cup 2026) ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG)၏ MLBB အသင်းသည် Mobile Legend တွင် ဝင်‌ရောက်ယှဉ်ပြိုင် လျက်ရှိရာ ဇူလိုင် ၂၉ ရက်နေ့က ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ သိရသည်။
 
■ အဆိုပါအသင်းသည် ဇူလိုင် ၂၉ ရက်က ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းအား ၃ - ၀ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ရှုံးပွဲမရှိဖြင့် တက်လှမ်းနိုင်ခဲ့ရာ မြန်မာနိုင်ငံမှ Esports ဝါသနာရှင်ပေါင်း ၂၀၀,၀၀၀ ကျော် တိုက်ရိုက်ကြည့်ရှုအားပေးခဲ့ကြသည်။
 
■ Yangon Galacticos PUBG Mobile အသင်းသည် ယခင်နှစ်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲ တွင်လည်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူး ရရှိထားပြီး ယခုနှစ် Esports ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း Yangon Galacticos MLBB အသင်းသည် ဆီမီးဖိုင်နယ်အဆင့်ထိ ရှုံးပွဲမရှိအောင်မြင်ခဲ့ကာ ကမ္ဘာ့ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည့်အပြင် Yangon Galacticos MLBB အသင်းသည် အုပ်စုပထမပွဲစဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ Geekay Esports အသင်းကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports ကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း အောင်မြင်ခဲ့ရာ ရှုံးထွက်အဆင့်၌ PRO Esports အသင်း ကို ၃-၀ ရလဒ်ဖြင့် ထပ်မံကျော်ဖြတ်ခဲ့ကြောင်းသိရသည်။
 
■ “မြန်မာလူငယ် Esports အားကစားသမားတွေဟာ ကမ္ဘာ့အဆင့်ကို ရောက်ရှိနေပြီဆိုတာ အရင်နှစ် Esports ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံရွှေတံဆိပ် ဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့စဉ်ကတည်းက သက်သေပြခဲ့ပြီးပါပြီ။ ဒီနှစ်မှာလည်း YG MLBB အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားပြီဖြစ်လို့ ကျွန်တော်တို့ မြန်မာလူငယ် Esports အားကစားသမားတွေဟာ ကမ္ဘာ့ထိပ်တန်း အဆင့် ရောက်နေပြီဆိုတာ ထပ်မံသက်သေ ပြနေပါပြီ။ အခုအောင်မြင်မှုဟာ အသင်း အနေနဲ့အောင်မြင်မှုသာမက နိုင်ငံ့ဂုဏ်ဆောင်အဖြစ် ချန်ပီယံဆွတ်ခူးနိုင် အောင်လည်း ကြိုးစားနေပါတယ်”ဟု မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက ပြောသည်။
 
■ အဆိုပါ Esports World Cup 2026 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု Yangon Galacticos(YG) အသင်းသည် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ရာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ ဆီမီးဖိုင်နယ်အဆင့်ကို ဩဂုတ် ၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
 
#YMG/NN #Yangon_Times