#Local_News
Published 10 February 2026

▪️ Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉‌ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

▪️ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ Naypyitaw State Academy အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်သည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းအားထိရောက်စွာနှင့်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့်ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံးသိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု Software များအပါအဝင် ခေတ်မီပစ္စည်းကိရိယာများကို ပေးအပ်သွားမည်ဖြစ်ပါသဖြင့် Naypyitaw State Academy ၏ သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်မှုများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအား အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အိန္ဒိယအစိုးရနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

▪️ အဆိုပါနားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍လည်းကောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာမှုရှိလာစေရန် ရည်ရွယ်၍လည်းကောင်းလက်မှတ်ရေးထိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်မည့်ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times